ကရင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ သည်းခံနားလည်မှုနဲ့ ဖြေရှင်းဖို့ အာဏာသိမ်း သမ္မတ ပြော

ဘားအံ၊ နိုဝင်ဘာ ၇

ကရင်ပြည်နယ်ကို နေ့စဉ်လေကြောင်းကနေ ဗုံးကြဲမှုတွေ ပြုလုပ်နေတဲ့ စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးရဖို့ သဘောထားကွဲလွဲမှုတွေကို သည်းခံနားလည်မှုနဲ့ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြဖို့ တိုက်တွန်းပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းလာပါတယ်။

ဦးမင်းအောင်လှိုင်က ကရင်ပြည်နယ်အတွင်းရှိ တချို့ဒေသတွေမှာ ကာလကြာရှည်စွာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ၊ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေ ရှိနေတာကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်သလို အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှုတို့ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ အဓိကကျတဲ့ အင်အားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ကရင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေး သဘောထားကွဲလွဲမှုတွေကို အပြန်အလှန်လေးစားမှု၊ သည်းခံနားလည်မှုနဲ့ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းဖို့နဲ့ ပဋိပက္ခတွေ လျော့နည်းပပျောက်ရေးအတွက် သက်ဆိုင်သူအားလုံးက စိတ်ရင်းစေတနာမှန်နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်နေတယ်လို့ ဦးမင်းအောင်လှိုင်က သူ့အပြစ်ကို ဖုံကွယ်ပြီး ပြောဆိုခဲ့တာပါ။

ကရင်ပြည်နယ်ကို နေ့စဉ် လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲမှုတွေ ပြုလုပ်နေတဲ့ စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့မှာ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေ အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး အေးချမ်းသာယာတဲ့ လူမှုဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ မျက်နှာပြောင်တိုက်ပြီး ဆုတောင်းပေးသွားပါတယ်။

၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုတော့ ပြည်နယ်စစ်အစိုးရအဖွဲ့က နိုဝင်ဘာ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၆ ရက်တိုင် ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပြီး ကရင်ပြည်နယ်နေ့ ပွဲတော်မှာ ခရီးသွားတွေ ပိုမိုဝင်ရောက်နိုင်အောင် တိုက်တွန်းလှုံ့ဆော်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.