မော်လမြိုင် ၊ နိုဝင်ဘာ ၆
စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မော်လမြိုင်မြို့ကို Smart City ဖြစ်အောင် လုပ်မယ်လို့ ကြွေးကြော်ထားပေမယ့် လျှပ်စစ်မီးဟာ တစ်ရက်ကို ၃ နာရီ ဝန်းကျင်သာ ရရှိတော့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လျှပ်စစ်မီးတွေကိုတော့ တစ်ရက်ကို ၈ နာရီ အလှည့်ကျ စနစ်နဲ့ A1,A2,B1,B2 ဆိုပြီး အုပ်စု (၄)အုပ်စု ခွဲကာ ဖြန့်ဝေပေးသွားမယ်လို့ စစ်အစိုးရ လက်အောက်ခံ မော်လမြိုင်မြို့နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာနက ထုတ်ပြန်ထားပါတယ်။
လျှပ်စစ်မီး ပေးတဲ့ နေရာမှာလည်း ၂ နာရီပေး ၆ နာရီဖြတ်၊ ၄ နာရီပေး ၆ နာရီဖြတ်နဲ့ ၂ နာရီပေး ၄ နာရီဖြတ် စနစ်ကို ကျင့်သုံးသွားမယ်လို့ ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာတော့ ၁ နာရီပေးပြီး ၇ နာရီ ဝန်းကျင်လောက် လျှပ်စစ်မီး ဖြတ်တောက်ထားပါတယ်။
မော်လမြိုင်မြိုခံတစ်ဦးက လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုမိုကြာမြင့်လာတာကြောင့် ချက်ဖို့ပြုတ်ဖို့ကအစ အခက်အခဲ ဖြစ်ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မီးက ကြာလေပိုဆိုးလာလေပဲ၊ချက်ဖို့ပြုတ်ဖို့က ဒုက္ခရောက်၊ ကလေး ကျောင်းထမင်းချိုင့်တွေဆိုလည်း မမီမကမ်းတွေဖြစ်၊ ဒီမီးလာတဲ့ အချိန်လေးကိုပဲ စောင့်ပြီးတော့လုပ်၊ မီးလာတဲ့ အချိန်စောင့်ပြီး မလုပ်ချင်ရင်တော့ အရင်ကလိုပေါ့၊ ထင်းမီးသွေးဖို ဖိုပြီးတော့ သုံးပြီးတော့ ချက်ပြုတ် ရတာပေါ့”လို့ ဆိုပါတယ်။
မော်လမြိုင်မြို့မှာ လျှပ်စစ်မီး ပြတ်ချိန် ပိုဆိုးလာပေမယ့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အစိုးရဝန်ကြီးများ အိမ်ရာ၊ တက္ကသိုလ်တွေနဲ့အစိုးရရုံးတွေမှာ ၂၄ နာရီ လျှပ်စစ်မီး အပြည့်အဝ ရရှိနေပါတယ်။
မော်လမြိုင်မြို့နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာနကတော့ လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုမိုကြာမြင့်လာတာဟာ နိုင်ငံတော် ဓာတ်အားစနစ်က ဖြန့်ဝေပေးတဲ့ လျှပ်စစ် မဂ္ဂါဝပ်လျော့ချမှုကြောင့် အကြောင်းပြထားပါတယ်။
မော်လမြိုင်မြို့ခံ နောက်တစ်ဦးကတော့ လျှပ်စစ်မီးကို ၁ နာရီပြည့်အောင် မပေးပေမယ့် လျှပ်စစ်ဌာနက မီတာခ ပိုမိုကောက်ခံလာတယ်လို့ ပြောပါတယ်။
“လေတိုက်လည်း မီးပြတ်၊ လျှပ်စီးလပ်ရင်လည်း မီးပြတ်၊ System Breakdown ဖြစ်ရင်လည်း မီးပြတ် ဆိုတော့ လူလတ်တန်းစားနဲ့ ဆင်းရဲသား လူတန်းစားတွေ အတွက်တော့ နစ်နာတာပေါ့။မီးစလာတဲ့ အချိန်က ၁ နာရီတောင် မပြည့်ဘူ။ မီးက ပြတ်သွားပြန်ပြီး။မီတာခတော့ ပိုပိုကောက်လာတယ်”လို့ ဆိုပါတယ်။
လျှပ်စစ်မီးကို လျော့ချပြီး ပေးတာအပြင် ပေးချင်တဲ့ အချိန်ပေး၊ ဖြတ်ချင်တဲ့ အချိန် ဖြတ်နေတာကြောင့် လျှပ်စစ်မီးနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေ ထိခိုက်မှုရှိတဲ့အပြင် လူမှုစီးပွားဘဝတွေပါ အခက်တွေ့ နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသတွင်းမှာ လျှပ်စစ်မီး ရရှိမှု နည်းပါးလာတာကြောင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေအပြင် အသေးစား၊ အလတ်စားနဲ့ အကြီးစား လုပ်ငန်းတွေကအစ ထိခိုက်မှု ရှိလာပြီး ထုတ်လုပ်မှု ကုန်ကျ စရိတ်တွေ မြင့်တက် လာတာကြောင့် ထုတ်ကုန်တွေပါ ဈေးနှုန်း မြင့်တက်လာတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

