မော်လမြိုင် ၊ နိုဝင်ဘာ ၆
စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းတွေ ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ လွတ်မြောက်နယ်မြေတစ်နေရာမှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ကောင်စီဝင်တွေ ကော်မတီ(၃)ရပ်က တာဝန်ရှိသူတွေနဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF က တပ်မှူးနဲ့ ရဲဘော်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
တွေ့ဆုံမှုအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို သက်ဆိုင်ရာ ဌာနတာဝန်ရှိသူတွေက ဆွေးနွေးတင်ပြခဲ့ကြပြီး မွန်ပြည်တော်လှန်ရေးတပ်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ လိုအပ်ချက်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းတွေ ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရေးနဲ့ ပြည်သူလူထုဝန်ဆောင်မှု လုပ်ငန်းတွေ၊ စစ်ဒေသအလိုက် စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်တဲ့ နည်းဗျူဟာ လုပ်ငန်းစဉ်တွေကို ဆွေးနွေးချမှတ်ခဲ့ကြတာပါ။
MSFC အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက မဟာမိတ်နဲ့ စစ်ဆင်ရေးအကောင်အထည်ဖော်ဖို့ မွန်ပြည်သစ်ပါတီ NMSP-AD နဲ့ ညှိနှိုင်းနေတာရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မဟာမိတ်နဲ့ စစ်ရေးအကောင်အထည်ဖော်မှုအပိုင်းကတော့ လောလောဆယ်တော့ မွန်ပြည်သစ်ပါတီ AD နဲ့ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်နေဆဲရှိပါတယ်။ အဲဒါတော့ လက်ရှိဖြစ်ပေါ်နေတဲ့ မဟာမိတ်အဖွဲ့အစည်းကြီး SCEF ကို ကျွန်တော်တို့ ဘယ်လို လက်တွဲနိုင်မလဲပေါ့။ အဲဒါကို ကျွန်တော်တို့ စဉ်းစားနေတာတော့ ရှိပါတယ်”လို့ ဆိုပါတယ်။
NUG နဲ့ CRPH အပါအဝင် တိုင်းရင်းသားမဟာမိတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF နဲ့ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအင်အားစုတွေ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ အောက်တိုဘာလအတွင်း အွန်လိုင်းကနေ နှစ်ကြိမ် တွေ့ဆုံဆွေးနွေးထားကြတာပါ။
ဒါပေမယ့် လောလောဆယ်မှာတော့ မွန်တော်လှန်ရေးအင်အားစုတွေအကြား ပြည်နယ်ကိုယ်စားပြုပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF မှာ တစ်စုတစ်စည်းတည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ အဖွဲ့အတွင်း ဆွေးနွေးနေကြတဲ့အဆင့်ပဲ ရှိပါသေးတယ်။
လက်ရှိ MSRF နဲ့ တွေ့ဆုံမှုမှာတော့ နိုင်ငံရေး တော်လှန်ရေးအခြေအနေတွေကို သုံးသပ်ခဲ့ကြပြီး MSFC ရဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ နိုင်ငံတကာဆက်ဆံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူထုဝန်ဆောင်မှုတွေနဲ့ လူသားချင်းစာနာမှုကိစ္စရပ်တွေကို ရှင်းပြခဲ့တယ်လို့ နိုင်မွန်စိုင်းက ပြောပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်က သထုံခရိုင်အပါအဝင် ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်အတွင်းရှိ ပြည်သူတွေကို စစ်ရေးပဋိပက္ခကြောင့် ပြည်သူ့လုံခြုံရေးသင်တန်းတွေ အမိုးအကာနဲ့ စားနပ်ရိက္ခာ အသုံးအဆောင်တွေကို ပံ့ပိုးပေးနေသလို ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုပ်ဆောင်ပေးနေတယ်လို့ သူက ရှင်းပြပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီမှာ ကာကွယ်ရေး၊ တရားစီရင်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာမှုကူညီရေး၊ အမျိုးသမီးနဲ့ ကလေးငယ်၊ ပြင်ပဆက်ဆံရေး၊ ဘဏ္ဍာရေးနဲ့ အခွန်ကောက်ခံရေး စတဲ့ ဌာနတွေနဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC သဘာပတိ (၁) နိုင်ကောင်းရွက်နဲ့ MSFC က အုပ်ချုပ်ရေးကော်မတီ-ဥက္ကဌ နိုင်မွန်စိုင်းတို့ အမှာစကားပြောကြားခဲ့ပြီး MSFC က တာဝန်ရှိသူတွေ၊ MSRF တပ်ရင်းမှူး နိုင်ဒရာဂွန်နဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ကြပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကို ကဏ္ဍပေါင်းစုံက အစုအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ ကော်မတီ သုံးရပ်နဲ့ သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းစဉ်တွေကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။
ကာကွယ်ရေးဌာနရဲ့ ကွပ်ကဲမှုအောက်မှာတော့ မွန်ပြည်တော်လှန်ရေးတပ် MSRF တည်ရှိနေပြီး ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ကလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အဖွဲ့ဝင်အဖြစ် တည်ရှိကာ နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MSRF

