မြန်မာဘက်က တိုက်ပွဲတွေ ထိုင်း နယ်မြေကို မထိခိုက်စေဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သတိပေး

ဘန်ကောက်၊ နိုဝင်ဘာ ၄

မြန်မာနိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိလာတဲ့အတွက် ထိုင်း နိုင်ငံခြားရေးဝန်ကြီးက မြန်မာ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဆီ တိုက်ရိုက်ဖုန်းဆက်ပြီး နယ်စပ်အနီး စစ်ရေးလှုပ်ရှားမှုတွေကို သတိထားဆောင်ရွက်ဖို့ ပြောကြားလိုက်ပါတယ်။

ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကက်ကေ့ဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဆီကို ဖုန်းဆက်ပြီး ၁၀ မိနစ်ကြာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပနေတဲ့ ၁၁ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်နေချိန် ဖြစ်ပါတယ်။

ဆွေးနွေးမှုအတွင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား နယ်စပ်အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ထိုင်းနိုင်ငံဘက်ကို ထိခိုက်မှုမရှိစေဖို့ လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်မယ်ဆိုရင်လည်း ထိုင်း-မြန်မာနယ်စပ်နဲ့ တတ်နိုင်သမျှ ဝေးကွာတဲ့နေရာတွေမှာသာ ဆောင်ရွက်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ မြဝတီမြို့နယ်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျည်ဆန်နဲ့ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း ကျရောက်ခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ထိုင်းအစိုးရဟာ နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားသလို စစ်ရေးနဲ့ သံတမန်ရေးနည်းလမ်းတွေကနေ မြန်မာဘက်ကို စိုးရိမ်ချက်တွေ ဆက်တိုက်ပြောကြားနေပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အာဆီယံအဖွဲ့အတွင်း ပုံမှန်အတိုင်း ပြန်လည်ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပေမဲ့ မြန်မာဘက်ကလည်း အာဆီယံရဲ့ စိုးရိမ်ချက်တွေကို တုံ့ပြန်ဖို့ လိုအပ်ကြောင်း အလေးပေးခဲ့ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို လျှော့ချဖို့ လိုအပ်ပြီး ပဋိပက္ခမှာ ပါဝင်နေတဲ့ ဘက်အားလုံးက အကြမ်းဖက်မှုတွေကို လျှော့ချနိုင်မှသာ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခု ဖန်တီးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟာ လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။

အဲဒီခရီးစဉ်ဟာ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေ ပိုမိုပြင်းထန်မလာစေဖို့နဲ့ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုတွေ လျှော့ချနိုင်ရေးအတွက် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်အရ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကလည်း ထိုင်းဘက်ရဲ့ စိုးရိမ်ချက်တွေကို လက်ခံအသိအမှတ်ပြုခဲ့ပြီး သက်ဆိုင်ရာ မြန်မာခေါင်းဆောင်တွေဆီ အမြန်ဆုံး တင်ပြပေးသွားမယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

Ref:KhaosodEnglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.