မင်းလက်ပံ တိုက်ပွဲကြောင့် ထိုင်းဘက် လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မြဝတီ အောက်တိုဘာ ၂၉

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေရာကနေ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်အထိ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုင်းစစ်တပ်ကလည်း သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက် ဒီကနေ့ မနက်အစောပိုင်းမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်က ခြေလျင်တပ်ရင်းအများအပြားက စစ်အင်အားတွေကို စုစည်းပြီး ကျေးရွာကို ဝိုင်းရံထိုးစစ်ဆင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

အဲဒီတိုက်ပွဲတွေမှာ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲအတွင်းက ကျည်တွေဟာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်ဒေသက လူနေအိမ်တွေအပေါ် ကျရောက်ခဲ့တာပါ။

ဒီဖြစ်စဉ်မှာ အသက် ၅၅ နှစ်အရွယ် ထိုင်း အမျိုးသမီး လမ်ယောင် နာလာဟာ ဟွေ့မဟာဝေါင်ကျေးရွာက သူ့ရဲ့နေအိမ်အတွင်း ပုန်းခိုနေစဉ် ပေါက်ကွဲမှုကနေ လွင့်စင်လာတဲ့ ကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရသူကို မဲဆောက်ဆေးရုံဆီ ပို့ဆောင်ကုသပေးခဲ့ပြီး နောက်ဆုံးရရှိထားတဲ့ သတင်းအရ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။ အဲဒီတိုက်ပွဲကြောင့် ထိုင်းဘက်က လူနေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတာကြောင့် နယ်စပ်ကျေးရွာတွေမှာ နေထိုင်သူတွေဟာ ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်းနိုင်ငံ နရဲစွမ်တပ်ဖွဲ့ လက်အောက်က ရာ့ချမနူး အထူးတပ်ဖွဲ့ဟာ ဒီကနေ့ မနက် ၆ နာရီမှာ စစ်ရေးစည်းမျဉ်းတွေနဲ့အညီ သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းစစ်တပ်ဟာ မဲဆောက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် ၃၄၆ နဲ့ ကျေးရွာလုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ချထားသလို ၂၄ နာရီ စောင့်ကြည့်ကာကွယ်ရေး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်မတိုင်ခင် အောက်တိုဘာ ၂၇ ရက်မှာလည်း မဲဆောက်နယ်စပ်ဒေသက ဒေသခံ ၂၀၀ ကျော်ဟာ မြန်မာဘက်က တိုက်ပွဲတွေကြောင့် သူတို့ရဲ့ အသက်အိုးအိမ်တွေ ထိခိုက်နေတဲ့အပေါ် ထိုင်းအစိုးရက ထိရောက်တဲ့ အကာအကွယ်ပေးဖို့ စုဝေးတောင်းဆိုခဲ့ကြပါတယ်။

ဒေသခံတွေက နယ်စပ်လုံခြုံရေး အာမခံချက်ပေးဖို့၊ ဗုံးခိုကျင်းတွေ ဆောက်လုပ်ပေးဖို့၊ ကြိုတင်သတိပေးစနစ်တွေ ထားရှိပေးဖို့နဲ့ ထိခိုက်နစ်နာသူတွေကို လျော်ကြေးပေးဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

မြန်မာဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံဘက်က အရပ်သားတွေရဲ့ အသက်အန္တရာယ်နဲ့ နေထိုင်မှုလုံခြုံရေးကိုပါ တိုက်ရိုက်ထိခိုက်လာနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။

Ref:khaosodenglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.