မီယာမီ ၊ အောက်တိုဘာ ၂၉
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်က သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် မီယာမီသို့ ရောက်ရှိလာတဲ့ ဘရာဇီး လွှတ်တော် အမတ် ဖလာဗီယို ဘိုလ်ဆိုနာရိုက သူ့အနေနဲ့ အမိမြေကို စွန့်ခွာဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘူးလို့ ပြောပါတယ်။
“ကျွန်တော် ဘရာဇီးက ထွက်ပြေးလာခဲ့တာ မဟုတ်ပါဘူး။ ဘရာဇီး အကျိုး အတွက် ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်” လို့ ဘရာဇီးက ထွက်ခွာလာပြီးနောက် ပထမဆုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဘရာဇီး အာဏာပိုင်တွေက သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ပြီးနောက် ဘိုလ်ဆိုနာရိုနဲ့ သူ့မိသားစုကို အမေရိကန်က ဗီဇာတွေ ထုတ်ပေးခဲ့ပါတယ်။
ဘိုလ်ဆိုနာရိုက သူ့အနေနဲ့ အမှားအယွင်း တစ်ခုမှ လုပ်မထားဘူးလို့ ငြင်းဆိုထား ပါတယ်။
အောက်တိုဘာ ၂၈ ရက်က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သူ့ကို နိုင်ငံထဲ ဝင်ရောက်နေထိုင်ခွင့် ကျွန်တော်တို့ ပေးလိုက်တယ်လို့ ပြောပါတယ်။
လောလောလတ်လတ် ပြန်လည် ရွေးကောက်ခံထားရတဲ့ သမ္မတ လူလာ ဒါဆေးလ်ဗားက ဘိုလ်ဆိုနာရို ဘရာဇီးက တိတ်တဆိတ် ထွက်ခွာသွားတာကို ဝေဖန်ထားပြီး ဖုံးကွယ်စရာ ဘာမှ မရှိသူတွေအနေနဲ့ ကြောက်စရာဘာမှ မရှိဘူးလို့ ပြောပါတယ်။
ဘိုလ်ဆိုနာရို အာဂျင်တီးနားသို့ ထွက်သွားကြောင်း သတင်းထွက်ပေါ်လာပြီးနောက် သူဘယ်နေရာ ရောက်နေလဲဆိုတာ အသေအချာ မသိရသေးဘဲ ရက်များစွာ ကြာခဲ့ပြီးနောက် ဖလော်ရီဒါသို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
ကြေညာချက် တစ်ရပ်မှာ ဘိုလ်ဆိုနာရိုက အာဂျင်တီးနား သမ္မတနဲ့ အမေရိကန် သမ္မတတို့ကို ကျေးဇူးတင်ကြောင်းပြောထားပါတယ်။
မိမိနိုင်ငံရဲ့ စိတ်သဘောစေတနာကောင်းတဲ့ လူတွေအတိုင်း တူညီတဲ့ တန်ဖိုးထားမှုတွေရှိတဲ့ အမေရိကန် ပြည်သူ လူထုကိုလည်း ကျေးဇူးတင်ကြောင်း သူက ပြောပါတယ်။
သူဟာ အာဏာသိမ်းမှုနဲ့ နိုင်ငံရေး ဖိနှိပ်မှုရဲ့ သားကောင် ဖြစ်ကြောင်းနဲ့ သူ့မိသားစုကို ကာကွယ်ဖို့ အမေရိကန်သို့ သွားရောက်တာ ဖြစ်ကြောင်း ပြောပါတယ်။
ရှည်လျားစွာ ရေးသားထားတဲ့ စာထဲမှာ သူ့အနေနဲ့ ရွေးကောက်ပွဲ အနိုင်မရနိုင်လောက်အောင် လုပ်ဆောင်ထားတဲ့ လိမ်လည်မှု ရှိကြောင်း အကြိမ်ကြိမ် ပြောထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မိမိအနေနဲ့ ဘရာဇီး ရွေးကောက်ပွဲမှာ ပါဝင် ပတ်သက်မှာ မဟုတ်ပေမယ့် အရမ်း ထူးဆန်းတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာ သေချာကြောင်း ပြောပါတယ်။
ဘရာဇီး ရွေးကောက်ပွဲ ပထမအကျော့ကို ဘိုလ်ဆိုနာရို အနိုင်ရရှိပြီးနောက် ဒုတိယအကျော့မှာ လူလာက မဲ လေးသန်းကျော်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
မဲပေးသူ အရေအတွက် များပြားခဲ့တဲ့ အခြေအနေကြောင့် ပြတ်ပြတ်သားသား မဆုံးဖြတ်ရသေးတဲ့ မဲပေးသူတွေကြောင့် အခုလို ရလဒ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ဘိုလ်ဆိုနာရိုဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး အာဂျင်တီးနားနိုင်ငံသို့ ဝင်ရောက်ပြီးမှ အမေရိကန်သို့ သီးသန့် လေယာဉ်နဲ့ ရောက်ရှိလာတာ ဖြစ်ကြောင်း အာဂျင်တီးနား သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Ref:BBC

