ပေါက်မြို့နယ်မှာ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတချို့နဲ့ ဦးဆောင်သူ PDF ရဲဘော်ကို ပြန်လည်ဖမ်းဆီးရမိ

မကွေး အောက်တိုဘာ ၂၈

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဖမ်းဆီးထားရာကနေ ထွက်ပြေးသွားတဲ့ သုံ့ပန်းတွေနဲ့ ဦးဆောင်ထွက်ပြေးတဲ့ PDF ရဲဘော်တို့ကို ပြန်လည်ဖမ်းဆီးရမိတယ်လို့ ပေါက်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်သုံ့ပန်း ၁၃ ယောက်ကို ဦးဆောင်ပြီးထွက်ပြေးတဲ့ PDF ရဲဘော်ဖိုးသားနဲ့ သုံ့ပန်း ၁၃ ဦးထဲက ၈ ဦး တို့ကို ပြန်လည်ဖမ်းဆီးရမိခဲ့တာပါ။

“အကုန်လုံးကို ပိတ်ဆို့ထားနိုင်ခဲ့ပြီးတော့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်။ ဖိုးသားကိုတော့ မနေ့ကမှ ဖမ်းမိတာ။ သူတို့က ကပစ ၂၄ ဘက်ကို ဦးတည်ပြီး ပြေးတယ်လို့ယူဆတယ်။” လို့ ဒေသတော်လှန်ရေး ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်သုံ့ပန်း ၈ ဦးကို အောက်တိုဘာလ ၂၃ ရက်မှာ ဖမ်းဆီးရမိခဲ့ပြီး ဖိုးသားကိုတော့ အောက်တိုဘာ ၂၆ ရက်မှာ ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးစဉ်အတွင်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်း တချို့သေဆုံးတယ်လို့ သိရပေမဲ့ သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ထွက်ပြေးသွားသူတွေထံကနေ သေနတ် ၁ လက် ပြန်လည်ရရှိခဲ့ပြီး လွတ်မြောက်နေသူတွေကိုလည်း ဆက်လက်ရှာဖွေနေကြဆဲဖြစ်တယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၁ ရက် မနက် ၂ နာရီဝန်းကျင်မှာ PDF ရဲဘော်ဖိုးသားက စစ်သုံ့ပန်း ၁၃ ဦး ဓားစာခံ ၃ ဦးနဲ့အတူ လက်နက် ၄ လက် ကျည် ၂၀၀ ယူဆောင်ပြီး ထွက်ပြေးခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.