မော်လမြိုင် ၊ အောက်တိုဘာ ၂၈
မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ သီတင်းကျွတ် ပွဲတော်ကာလအတွင်း ဗျောက်အိုးတွေကို တရားဝင်သဖွယ် ဖောက်ခွင့် ပြုထားတာကြောင့် သက်ကြီးပိုင်းနဲ့ ကလေးသူငယ်တချို့ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဗျောက်အိုးတွေကိုတော့ ပြီးခဲ့တဲ့ နှစ်တွေက မဖောက်ဖို့အတွက် ရပ်ကွက်နဲ့ ကျေးရွာတွေအတွင်း လိုက်လံနှိုးဆော်တာတွေ ရှိခဲ့ပေမယ့် စစ်တပ် အသွင်းပြောင်း စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းလက်ထက်မှာတော့ တရားဝင် သဖွယ် ခွင့်ပြုထားတာပါ။
အခုလို ဗျောက်အိုး ဖောက်ခွင့်တွေကို တရားဝင်သဖွယ် ခွင့်ပြုထားတဲ့အတွက် သက်ကြီးပိုင်း လူကြီးတွေ၊ ကျန်းမာရေး မကောင်းသူတွေနဲ့ ကလေးသူငယ်တွေကအစ အထိတ်တလန့် ဖြစ်ကာ တချို့တွေ အနေနဲ့ ကျန်းမာရေး ထိခိုက်ပြီး ဆေးရုံတွေအထိ ပို့ဆောင်ရတာတွေ ရှိခဲ့ပါတယ်။
မော်လမြိုင်မြို့ခံတစ်ဦးကတော့ စည်းကမ်းမဲ့ ဗျောက်အိုးဖောက်မှုကြောင့် သက်ကြီးပိုင်းနဲ့ ကျန်းမာရေး မကောင်းသူတွေ ဆေးရုံရောက်တာ တွေ့ရှိခဲ့ရသလို ဒီနှစ်မှာတော့ စည်းမဲ့ကမ်းမဲ့ ဗျောက်အိုး ဖောက်တဲ့အတွက် အထိတ်တလန့် ဖြစ်နေကြတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ အနားမှာ တစ်ယောက် အသက်ကြီးပိုင်းပေါ့၊ နှလုံးရောဂါ ရှိတယ်။ဗျောက်အိုးဖောက်တော့ လန့်ပြီးတော့ သတိမေ့ သွားတယ်။ အခု သူက ဆေးရုံ ရောက်နေတယ်။ကျောက်ကပ်သမား တစ်ယောက်လည်း လန့်ပြီး ဆေးရုံ ရောက်သွားတယ်။တချို့ ကလေးတွေလည်း လန့်ပြီး အော်ငိုတာတွေ ရှိတာပေါ့။ ဒီနှစ်က ဘယ်လို ပြောရမလည်း ပရမ်းပတာပဲ၊ စည်းမဲ့ကမ်းမဲ့ ချတာ၊ လူတွေလည်း အထိတ်တလန့်တွေ ဖြစ်နေရတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ဗျောက်အိုးတွေကို လူကြားထဲ ပစ်ထည့်ပြီး မဆင်မခြင် ဖောက်တဲ့အတွက် တချို့တွေအနေနဲ့ မီးလောင်ဒဏ်ရာ ပုံစံ ထိခိုက် ဒဏ်ရာရမှုတွေ ရှိသလို တချို့တွေ ထိတ်လန့်ကာ ဆိုင်ကယ် တိမ်းမှောက်မှုတွေပါ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာတော့ ဗျောက်အိုး ရောင်းချတဲ့ စတိုးဆိုင်တွေကို စစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက အနည်းဆုံး ကျပ် ငါးသောင်းကနေ သိန်းနဲ့ချီ လိုင်းကြေး ပုံစံ အခကြေးငွေယူကာ တရားဝင်ပုံစံ ရောင်းချခွင့် ပေးနေတာပါ။
အခုလို ဗျောက်အိုး ဖောက်မှုကြောင့် သက်ကြီးပိုင်းတွေ၊ ကျန်းမာရေး မကောင်းသူတွေနဲ့ ကလေးသူငယ်တွေကအစ ကျန်းမာရေး ထိခိုက်မှု ရှိလာတဲ့အပေါ် ဒေသတွင်းမှာ ဝေဖန် ပြောဆိုမှုတွေ ရှိနေပေမယ့် မွန်ပြည်နယ် စစ်အစိုးရ ကတော့ လျစ်လျူရှုထားပါတယ်။
ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်က သီတင်းကျွတ် ကာလ ရောက်ပါက အများပြည်သူ အထိတ်တလန့် ဖြစ်စေတဲ့ ဗျောက်အိုး အပါအဝင် ယမ်းတွေကို မရောင်းချဖို့နဲ့ မဖောက်ဖို့ လိုက်လံ နှိုးဆော်တာတွေ ရှိသလို ရောင်းချတဲ့ စတိုးဆိုင် တွေကိုလည်း ဖမ်းဆီးမှုတွေ ရှိခဲ့တာပါ။
မော်လမြိုင်မြို့မှာတော့ ဗျောက်အိုးတွေကို သီတင်းကျွတ် ပွဲတော်ကာလ မတိုင်မီကတည်းက နေ့စဉ် ဖောက်နေတာ ဖြစ်ပြီး အများပြည်သူ အထိတ်တလန့် ဖြစ်ကာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိပေမယ့် စစ်အစိုးရက အရေးမယူတဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

