ဗုံးကြဲနေတဲ့ စစ်အုပ်စုက လေယာဉ်ဆီရဖို့ လိမ်လည်ကုန်သွယ်ခဲ့

နေပြည်တော် ၊ အောက်တိုဘာ ၂၈

လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာချိန်မှာ စစ်အုပ်စုက လေယာဉ်ဆီတင်သွင်းမှုတွေကို ဖုံးကွယ်ဖို့ ကုန်သွယ်မှုဆိုင်ရာ လိမ်လည်မှုတွေ အသုံးပြုခဲ့တယ်လို့ Justice for Myanmar – JFM က စုံဆေးစစ်ဆေးမှုတွေအရ ဖော်ထုတ်တွေ့ရှိထားတယ်လို့ အောက်တိုဘာ ၂၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

လူ့အသက်ပေါင်းများစွာ သေကြေပျက်စီးစေတဲ့ လေယာဉ်ဆီတွေကို မြန်မာနိုင်ငံကို တင်သွင်းမှုတွေအပေါ် ဖုံးကွယ်ဖို့ စစ်အုပ်စုနဲ့ သူတို့ရဲ့ ဆက်နွယ်ကုမ္ပဏီတွေက ဒီဇယ်ဆီအဖြစ် ရည်ရွယ်ချက်ရှိရှိ ပုံမှားရိုက်ဖော်ပြတာ ကုန်ပစ္စည်းအမျိုးအစား လွဲမှားသတ်မှတ်တာအပြင် ကြားခံကုမ္ပဏီတွေ အသုံးပြုတာတွေ ပြုလုပ်ခဲ့တာပါ။

စုံစမ်းဖော်ထုတ်မှုအရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၅ သန်းတန်ဖိုးရှိ စည်ပေါင်း ၈၄၃,၀၀၀ ကျော်ပါဝင်တဲ့ လောင်စာဆီတင်သွင်းမှု ၆ ကြိမ်ရဲ့ စာရွက်စာတမ်းတွေမှာ ကုန်သွယ်ရေးလိမ်လည်မှု ပုံစံတစ်ရပ်ကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အတုအယောင်ရွေးကောက်ပွဲ မကျင်းပမီကာလနဲ့ တိုက်ဆိုင်နေတဲ့ အဲဒီကာလအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်ခဲ့လို့ အရပ်သားတွေ သေဆုံးခဲ့ရပြီး လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာပါ။

ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုက အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၉၈၂ ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေး ၂၃၂ ဦး ပါဝင်တယ်။ အဲဒီကိန်းဂဏန်းဟာ အရင်လေးနှစ်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ ကလေးဦးရေ စုစုပေါင်းထက် ပိုမိုများပြားနေတာပါ။

လေယာဉ်ဆီ ဆက်လက်ထောက်ပံ့နေမှုဟာ စစ်အုပ်စုရဲ့ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာတဲ့ လေကြောင်းစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နိုင်စေတယ်လို့ Justice for Myanmar က ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း စစ်အုပ်စုက အရပ်သားပြည်သူတွေကို လုပ်ရိုးလုပ်စဉ်လိုမျိုး သတ်ဖြတ်တာ စာသင်ကျောင်းတွေ ဆေးရုံတွေ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားနေအိမ်တွေ တိုက်ခိုက်ဖျက်ဆီးတာတွေကို အပြစ်ပေးအရေးယူခံရမှု ကင်းလွတ်စွာနဲ့ ကျူးလွန်နေတာပါ။

စစ်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးလည်းဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း‌ရေးကော်မတီ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဗုံးကြဲမှုတွေနဲ့ပတ်သက်လို့ စစ်တပ်ဘက်က ကြည့်ရင် လက်ရှိ စစ်ဆင်ရေးတွေဟာ ငြိမ်းချမ်းရေးရရှိဖို့ လှမ်းနေတဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၆ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ၁၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲအပြီး နိဂုံးချုပ် အမှာစကားပြောကြားချိန်မှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျက စစ်တပ်အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို မတိုက်ခိုက်နိုင်တော့ ငြိမ်းချမ်းရေးအကြောင်းပြပြီး ပြည်သူတွေကို ဖိအားပေးတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ငြိမ်းချမ်းရေးအကြောင်းပြပြီးတော့ အရပ်သားပစ်မှတ်ကို တိုက်ခိုက်တယ်။ အဓိက ဒါလုပ်ရတဲ့အကြောင်းရင်းက ပြည်သူကို ဖိအားပေးတာပေါ့နော်။ မင်းတို့ PDF တွေရှိနေလို့ ဒါမျိုး ဗုံးကြဲတယ်ဆိုတဲ့ အတွေးမျိုးဖြစ်အောင်လို့ တမင်သက်သက် တဖက်လက်နဲ့ PDF တွေ လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ရိုက်မတိုက်ခိုက်နိုင်တော့ သူတို့က (စစ်တပ်) ပြည်သူကို ဖိအားပေးပြီးတော့ နှိပ်ကွပ်တဲ့ ပုံစံမျိုးပေါ့။ နောက် ရက်ရက်စက်စက် ဗုံးကြဲတဲ့ ပုံစံမျိုး လုပ်တာပေါ့”လို့ ဆိုပါတယ်။

တိုင်းရင်းသားအဖွဲ့တွေကို ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် ရောက်ရှိလာအောင် ပြည်သူတွေကို ဖိအားပေးပြီး အထက်စီးကနေ ဆွေးနွေးချင်တာဟာ စစ်တပ်ရဲ့ အကျင့်ဖြစ်လို့ ရှေ့ဆက်ပြီးတော့လည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းထန်လာဦးမယ်လို့ သူက မှတ်ချက်ပြုပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေအတွင်း နိုင်ငံအနှံ့ စစ်မျက်နှာပေါင်းစု ရင်ဆိုင်နေရတဲ့ အာဏာသိမ်း စစ်တပ်က မြေပြင်တိုက်ခိုက်ရေးတွေမှာ အရေးမလှမှုတွေများစွာနဲ့ ကြုံတွေ့နေရတာပါ။

ဒါကြောင့် မတူညီတဲ့ နယ်မြေဒေသတွေရဲ့ ပထဝီအနေအထားပေါ်မူတည်ပြီး မြေပြင်စစ်ဆင်ရေးအတွက် လေကြောင်းနဲ့ စစ်သင်္ဘောတွေအပါအဝင် ဒရုန်းနဲ့ ဂျိုင်းရိုကော်ပတာတို့ကိုပါ သုံးပြီး ကြည်း၊ရေ၊လေ ပေါင်းစပ်အားနဲ့ စစ်ဆင်ရေးတွေကို ဆင်နွှဲလာတာ ဖြစ်ပါတယ်။

ဒီအတွက် ကာကွယ်ရေးအသုံးစရိတ်ကို တစ်နှစ်ထက်တစ်ထက် ကျပ်ဘီလီယံသန်းပေါင်းများစွာ တိုးမြှင့်ခဲ့ရတဲ့အတွက် စစ်စရိတ်ထောင်းလာနေပြီး ဘတ်ဂျက်လိုငွေပြမှုဟာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ကျပ်ဘီလီယံ တစ်သောင်းနှစ်ထောင်နီးပါးအထိ ရှိလာနေတာပါ။

စစ်အစိုးရခန့် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ကာကွယ်ရေးအပါအဝင် ဝန်ကြီးဌာနတွေက ဖြည့်စွက်ရန်ပုံငွေ ကျပ်ဘီလီယံ ၇၀၀၀ ကျော် ထပ်မံတောင်းခံလိုက်တာကြောင့်လို့ အောက်တိုဘာ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောကြားထားတာပါ။

စစ်အုပ်စုရဲ့ လေယာဉ်ဆီတင်သွင်းမှုနဲ့ ပတ်သက်လို့ စာရွက်တမ်းတွေအရ တင်သွင်းသူတွေမှာ မြန်မာကုမ္ပဏီနှစ်ခုဖြစ်တဲ့ Dynamic Wave နဲ့ PP Petroleum ဖြစ်ပေမယ့် နောက်ကွယ်က အမှန်တကယ်ဝယ်ယူသူမှာ National Energy Prime Aviation Services Company Limited (NEPAS) ဖြစ်နေတာပါ။

NEPAS ဟာ စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) နဲ့ သူ့ရဲ့ ပုဂ္ဂလိကမိတ်ဖက်ကုမ္ပဏီအုပ်စု Asia Sun group တို့အကြား ဖွဲ့စည်းထားတဲ့ ဖက်စပ်ကုမ္ပဏီ ဖြစ်ပါတယ်။ Asia Sun group ကို Myan Oil အဖြစ် လူသိများပြီး Shoon လို့လည်း သိကြပါတယ်။

Asia Sun group ဟာ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း MPE နဲ့အတူ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို လွှမ်းမိုးထားတဲ့ ကုမ္ပဏီများကွန်ရက်တစ်ခု ဖြစ်ပြီး PP Petroleum ကုမ္ပဏီကလည်း Asia Sun group ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ JFM က ဖော်ထုတ်ထားတာပါ။

စာချုပ်တွေအရ လေယာဉ်ဆီရောင်းချသူတွေမှာ အရင်က ဖော်ထုတ်ခံထားရတဲ့ ထိုင်းကုမ္ပဏီ Tawan-Oil Trading နဲ့ UAE အခြေစိုက် NEC Trading တို့ ပါဝင်ပြီး လောင်စာဆီရဲ့ မူရင်းနိုင်ငံကို တောင်အာဖရိကနဲ့ စင်ကာပူလို့ ဖော်ပြထားတာပါ။ Tawan-Oil Trading နဲ့ NEC Trading တို့ကိုလည်း Asia Sun group ကပဲ ထိန်းချုပ်ထားတယ်လို့ JFM က သုံးသပ်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင် လေယာဉ်ဆီတင်သွင်းတဲ့အခါ ကုန်သွယ်ရေးလိမ်လည်မှုအစီအစဉ်ကို စစ်အုပ်စုရဲ့ ထိပ်ပိုင်း အာဏာပိုင်အဖွဲ့အစည်းက ကြီးကြပ်ခဲ့ကြောင်း အချက်အလက်ပေါက်ကြားမှုကနေ ရရှိတဲ့ စာရွက်စာတမ်းတွေကို ကိုးကားပြီး ဖော်ထုတ်ထားတာပါ။

၂၀၂၅ ခုနှစ် နိုဝင်ဘာအတွင်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ FESC က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ရပ်မှာ လေယာဉ်ဆီအစား ဒီဇယ်ဆီ (HSD) ဆိုတဲ့ ကုန်ပစ္စည်းဖော်ပြချက်နဲ့ NEPAS ကိုယ်စား Dynamic Wave အမည်နဲ့ သွင်းကုန်ခွင့်ပြုမိန့် ထုတ်ပေးဖို့ ကော်မတီက အတည်ပြုပေးခဲ့တာပါ။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ FESC မှာ ထိပ်ပိုင်းစစ်အုပ်စုရဲ့ အဖွဲ့ဝင်ခြောက်ဦးရှိတဲ့ထဲမှာ ဒုသမ္မတ ဦးညိုစော၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာတွေမှာ တာဝန်ယူထားတဲ့ ဝန်ကြီးသုံးဦး၊ စာရင်းစစ်ချုပ်နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတို့ ပါဝင်ပါတယ်။

ဒီလိုမျိုး ကုန်သွယ်ရေးလိမ်လည်မှုဆိုင်ရာ တွေ့ရှိချက်တွေဟာ စစ်အုပ်စုရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ပေါက်ကြားလာတဲ့ အချက်အလက်တွေထဲက သွင်းကုန်ခွင့်ပြုမိန့်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် FESC ဆီက လျှို့ဝှက်စာတွေ ကုမ္ပဏီစာချုပ်တွေ ငွေတောင်းခံလွှာတွေနဲ့ ကုမ္ပဏီမှတ်ပုံတင်မှတ်တမ်းတွေကို စိစစ်လေ့လာမှုနဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးကွန်ရက် လောင်စာဆီဈေးနှုန်းနဲ့ သိပ်သည်းဆတွေကို ခွဲခြမ်းစိတ်ဖြာမှုတွေအပေါ် အခြေခံထားတာလို့ JFM က ဆိုပါတယ်။

အစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရေးနဲ့ ကမ္ဘာ့ဈေးကွက်အတွင်း စစ်အုပ်စုရဲ့ လေယာဉ်ဆီရယူနိုင်စွမ်းကို ပိတ်ဆို့တားမြစ်ဖို့ မဖြစ်မနေ အရေးတကြီး လုပ်ဆောင်ရမယ်လို့ တိုက်တွန်းတာပါ။

အမေရိကန်အပါအဝင် ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျတို့အနေနဲ့ စစ်အုပ်စုရဲ့ အမည်နဲ့ ဖွဲ့စည်းပုံ ပြောင်းလဲပြီးနောက်မှာလည်း စစ်အုပ်စုနဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေကို ဆက်လက်ဒဏ်ခတ်ပိတ်ဆို့နိုင်ရေး အရေးယူမှုတွေကို ပြင်ဆင်တိုးချဲ့ဖို့ JFM က တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.