ဆိုးလ် အောက်တိုဘာ ၂၇
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုတွေ ထပ်မံမြင့်တက်လာနေပြီး နယ်စပ်မှာဖြစ်ပွားခဲ့တဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုဟာ တောင်ကိုရီးယားဘက်က လုပ်ကြံဖန်တီးထားတာဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တရားဝင်စာပေးပို့ တိုင်ကြားထားတယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက အောက်တိုဘာ ၂၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြား စစ်မဲ့ဇုန် DMZ အတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တာဖြစ်ပြီး တောင်ကိုရီးယားစစ်သား သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တောင်ကိုရီးယားအစိုးရကတော့ အဲဒီမိုင်းတွေဟာ မြောက်ကိုရီးယားစစ်တပ်က စစ်ရေးနယ်နိမိတ်မျဉ်းကို ကျော်လွန်ပြီး ထောင်ထားခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ ကွပ်ကဲမှုအဖွဲ့ကလည်း အဲဒီဖြစ်ရပ်ဟာ ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး တောင်ကိုရီးယားက နယ်စပ်လုံခြုံရေးအတွက် ဆောင်ရွက်နေတဲ့ မြောက်ကိုရီးယားရဲ့ လုပ်ငန်းတွေကို စစ်ရေးကျူးကျော်မှုအဖြစ် ပုံဖော်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်သတိပေးတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။
မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ဆက်လက်ထိပါးလာမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်သွားနိုင်ပြီး နောက်ဆက်တွဲအကျိုးဆက်အားလုံးအတွက် တောင်ကိုရီးယားဘက်မှာ တာဝန်ရှိမယ်လို့လည်း သတိပေးထားပါတယ်။
ဒီအတောအတွင်း နယ်စပ်အနီးမှာ မြောက်ကိုရီးယားရဲ့ အမြောက်တပ်ယာဉ် သုံးစီးကိုလည်း တွေ့ရှိခဲ့ရပြီး အမြောက်ပြောင်းတွေဟာ တောင်ကိုရီးယားဘက်ကို ဦးတည်ထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားကတော့ မတော်တဆ စစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေ မဖြစ်ပွားစေဖို့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ အဆိုပြုထားပါတယ်။
လက်ရှိမှာတော့ နှစ်နိုင်ငံစလုံးက အပြန်အလှန် စွပ်စွဲမှုတွေ ပြုလုပ်နေကြတာကြောင့် ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တဲ့ အခြေအနေကို စောင့်ကြည့်နေရပါတယ်။
Ref:Reuters

