မော်လမြိုင် ၊ အောက်တိုဘာ ၂၃
မြန်မာပြည်တောင်ပိုင်းဒေသက ပြည်သူတွေဟာ လူတစ်ဦးချင်းစီရဲ့ လူမှုစီးပွားနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် လူသားမလုံခြုံမှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်တဲ့ ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန RICE ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုနှစ် ပထမ ၆ လတာအတွင်း မြန်မာပြည်တောင်ပိုင်းဒေသတချို့မှာ လူသားလုံခြုံရေးဆိုင်ရာ သုတေသနတစ်ရပ်ကို RICE အဖွဲ့က ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ အချက်အလက်တွေအပေါ် မူတည်ကာ အန္တရာယ်ကြားက ပြည်သူ့ဘဝ – မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ လူသားလုံခြုံရေးစိန်ခေါ်မှုများ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။
အစီရင်ခံစာမှာ မြန်မာပြည်တောင်ပိုင်းဒေသဖြစ်တဲ့ မွန်ပြည်နယ်က ၁၀ မြို့နယ် အပါအဝင် နယ်နမိတ်ဆက်စပ်နေတဲ့ ကရင်ပြည်နယ်က ဘားအံ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်အပြင် တနင်္သာရီတိုင်းရှိ ရေဖြူမြို့နယ်က အခြေအနေတွေကို မှတ်တမ်းတင် ပြုစုထားတာ ဖြစ်ပါတယ်။
အဲဒီ ၁၄ မြို့နယ်မှာ ၆ လအတွင်း တိုက်ပွဲဖြစ်ပွားမှု လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်ခံရမှုအပါအဝင် မြေမြှုပ်မိုင်းနဲ့ အရပ်သားဖမ်းဆီးခံရမှုတွေအပြင် ထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်ပျက်စီးမှု ဖြစ်စဉ်တွေလည်း ဖော်ပြထားတာပါ။
အချက်အလက်တွေအရ လေကြောင်းတိုက်ခိုက်ခံရမှု ၁၃၂ ကြိမ်အထိ ရှိခဲ့ပြီး အရပ်သား ၄၂၀ ဦးအထိ ဖမ်းဆီးခံခဲ့ရသလို သေဆုံးသူ ၆၁ ဦးနဲ့ ဒဏ်ရာရသူ ၈၁ ဦးအထိ ရှိခဲ့တဲ့အပြင် တိုက်ပွဲပဋိပက္ခတွေကြောင့် စစ်ဘေးရှောင် ၅၀,၄၄၀ ကျော် ရှိခဲ့တယ်လို့ အစီရင်ခံစာကနေ သိရပါတယ်။
တောင်ပိုင်းဒေသနေ ပြည်သူတိုင်းက စီးပွားကြပ်တည်းမှု အစားအသောက်ဆိုင်ရာ လွတ်လပ်စွာ သယ်ယူခွင့်မရှိမှု ဆေးဝါးကုသဖို့ ခက်ခဲမှု စစ်ပွဲ မှုခင်းနဲ့ မတရားဖမ်းဆီးခံရမှု ခွဲခြားဆက်ဆံခံရမှု နည်းမျိုးစုံနဲ့ စောင့်ကြည့်ခံရမှု စတာတွေကို ဖိနှိပ်ခံနေရတာပါ။
ဒီလိုမျိုး အချက်အလက်တွေအားလုံးဟာ လူတစ်ဦးချင်း လူသားမလုံခြုံမှုကို တိုက်ရိုက်ညွှန်ပြနေတဲ့ အဆိုးဆုံးအခြေအနေကို ကျဆင်းသွားတဲ့နိုင်ငံ Failed State အတွင်းက အခြေအနေမှန်ဖြစ်တယ်လို့ RICE ရဲ့ လေ့လာတွေ့ရှိချက်တွေက ထောက်ပြပါတယ်။
RICE အဖွဲ့ရဲ့ စီမံကိန်းတာဝန်ခံတစ်ဦးက လူသားလုံခြုံရေးအခြေအနေဟာ ဆိုးရွားတာထက် ပိုနေပြီမို့ မွန်က လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့နဲ့ တင်ပြဆွေးနွေး အဖြေရှာနိုင်ရင် လူထုဒုက္ခ လျော့နည်းသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မွန်ပြည်နယ်မှာ လူသားလုံခြုံရေးအခြေအနေတွေက ဆိုးရွားတာထက်ကို ပိုနေပြီးပေါ့နော်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ ပြည်သူတွေက လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေကို ကြောက်ရသလို တိုက်ပွဲမဖြစ်တဲ့ အစိုးရထိန်းချုပ်နယ်မြေမှာကျတော့ မတရားဖမ်းဆီးမှုတွေနဲ့ ခိုးဆိုးလုနှိုက်မှုတွေက တရားဥပဒေစိုးမိုးမှုမရှိကြောင်းကို ပြနေတာပေါ့။ ဒါတွေကို အချိန်မီကုစားဖို့ ကျွန်တော်တို့ RICE က ထုတ်ပြန်ထားတဲ့ ပြည်သူ့အသံအစီရင်ခံစာကို လွှတ်တော်ထဲ ရောက်အောင် မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရအဖွဲ့တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တင်ပြဆွေးနွေးပြီး အဖြေရှာပေးမယ်ဆိုရင် လူထုဒုက္ခက တဖြည်းဖြည်း လျော့နည်းသွားမယ်လို့ မြင်ပါတယ်”လို့ ဆိုပါတယ်။
နိုင်ငံတစ်နိုင်ငံ မငြိမ်းချမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ သာမက အသက်အရွယ်မရွေး မလုံခြုံမှုတွေ ၊ လွတ်လပ်စွာ ပြောဆိုခွင့်/ သွားလာခွင့်၊ ဘဏ်စနစ်နဲ့ အွန်လိုင်းသုံးစွဲမှုတွေ စောင့်ကြည့်ခံရတာ အပါအဝင် လူ့အခွင့်အရေးများစွာ ထိခိုက်ဆုံးရှုံးနေတယ်လို့ RICE က အသိပေးပါတယ်။
လူသားတွေရဲ့ လုံခြုံရေးလို့ပြောတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဘေးကင်းရေးအတွက် အန္တရာယ်တွေကနေ ကာကွယ်နိုင်ခြင်းနဲ့ တစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ကောင်းမွန်စွာ ရှင်သန် နေထိုင်နိုင်ရေးတွေကို ကာကွယ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။
ဒါပေမယ့် စစ်တပ်ကနေ အာဏာသိမ်းခဲ့တာ ၅ နှစ်ကျော် ကြာလာသည့်တိုင် ဖြစ်ပေါ်နေဆဲ ပဋိပက္ခတွေကြောင့် စစ်အုပ်စု စိုးမိုးနိုင်တဲ့ နယ်မြေတွေဟာ အကန့်အသတ်ဖြစ်လာခဲ့ပြီး ဖိနှိပ်မှုအမျိုးမျိုးကို တိုးမြှင့်လုပ်ဆောင်ကြလို့ ပြည်သူတွေအနေနဲ့ ဘေးဒုက္ခမျိုးစုံကြား နေထိုင်နေရတယ်လို့ ထောက်ပြပါတယ်။
အထူးသဖြင့် လူငယ်တွေကို ပစ်မှတ်ထားတဲ့ စစ်မှုထမ်းဥပဒေက တောင်ပိုင်ဒေသမှာ မဲစနစ်နဲ့ လိုက်ပါရတာ၊ ပေါ်တာဆွဲတာ၊ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးတာနဲ့ အိမ်ပေါ်အထိ တက်ပြီး အတင်းအဓမ္မဆွဲခေါ်တာတွေအပြင် လူစားထိုးဖို့ လစဉ်ငွေကြေးကောက်ခံနေတာပါ။
လူငယ်တွေဟာ လုံခြုံမှုကင်းမဲ့တာ၊ ပစ်မှတ်ထား ဖမ်းဆီးခံရတာနဲ့ ဆန္ဒမပါဘဲ ပြည်သူအချင်းချင်း သတ်ဖြတ်ရတဲ့ စစ်ပွဲတွေအတွက် အတင်းအကျပ်စစ်မှုထမ်း ခိုင်းစေခံနေရသလို တစ်ဘက်မှာ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ပြည်ပနိုင်ငံတွေကို ပြောင်းရွှေ့ခဲ့ကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒ့ါအပြင် တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်းနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက ပြည်သူတွေကို မလုံခြုံမှုတွေဆီ တွန်းပို့နေပြီး နောက်ဆက်တွဲအဖြစ် တောင်ပိုင်းဒေသတွေမှာ ကျန်ရှိနေကြတဲ့ လူငယ်တွေကြား မူးယစ်ဆေးဝါးပြဿနာဟာ ကြီးထွားလာပါတယ်။
တစ်ဘက်မှာ အုပ်ချုပ်ရေးနယ်မြေကွဲပြားမှုအပေါ် မူတည်ပြီး စစ်ဆေးရေးဂိတ်တွေကနေ စစ်ဆေးတာ ဖမ်းဆီးတာ ငွေကြေးတောင်းခံတာတွေ စားသောက်ကုန်တွေ ရောင်းဝယ်မှုနဲ့ သယ်ယူမှုတွေမှာ အကန့်အသတ်ရှိနေပြီး တော်လှန်ရေးနယ်မြေနဲ့ နီးတဲ့ နေရာတွေမှာ ပိုပြီး ကန့်သတ်ခံရပါတယ်။
ဖုန်း၊ အင်တာနက်၊ လူမှုကွန်ရက်နဲ့ ဘဏ်အကောင့် အသုံးပြုမှုတွေမှာလည်း စောင့်ကြည့်ခံနေရပြီး အဘက်ဘက်က ယိုယွင်းတဲ့ အခြေအနေတွေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် စီးပွားရေးနဲ့ အသက်ရှင်ရပ်တည်မှုဆိုင်ရာ အကျပ်အတည်းများစွာကို ပြည်သူတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာအပါအဝင် ပြည်တွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ဘေးဒုက္ခတွေကို ချက်ချင်းလျော့ပါးစေမယ့် နည်းလမ်းတွေနဲ့ ပူးပေါင်းကူညီကြဖို့ အရေးတကြီး လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-RICE

