မြဝတီ၊ အောက်တိုဘာ ၂၃
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ်က ပိုက်စိပ်တိုက် ဖမ်းဆီးနေတာကြောင့် ထိုင်းကုန်ပစ္စည်း သယ်ယူပို့ဆောင်ဖို့ ပိုမိုကျပ်တည်းလာတယ်လို့ ကုန်သည်အသိုင်းအဝိုင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တရားမဝင်ကုန်စည်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကရင်ပြည်နယ် ဘားအံ ကော့ကရိတ် မြဝတီမြို့တွေမှာရှိတဲ့ ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းဆီးမှုတွေဟာ ဒီနောက်ပိုင်းမှာ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ပစ္စည်းတွေသိမ်းဆည်းတဲ့အပြင် လူတွေကိုပါ ပြန်ရွေးယူလို့မရတော့ဘဲ ဖမ်းဆီးထောင်ချနေပါတယ်။
နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီမှာ ဒီရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်းတွေ သိုလှောင်ထားရှိတဲ့ ဂိုဒေါင်ခြံဝန်းတွေထဲကို စစ်တပ်ဦးဆောင်တဲ့ အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရာ ကုန်သည်တစ်ဦးရဲ့ ထိုင်းကုန်ပစ္စည်းတွေ အများအပြား သိမ်းခံထိသွားခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် မြဝတီမြို့အနီး နဒီလင်းမြိုင်တံတားစစ်ဆေးရေးဂိတ်မှာ ထိုင်းကုန်ပစ္စည်းတွေကို ခေါက်တိုသယ်ဆောင်နေတဲ့ ပစ်ကပ်ကားတွေကို ဖမ်းဆီးလိုက်ပြီး ကားမောင်းသမားတွေကို အမှတ် ၂၇၅ တပ်ရင်းဌာနချုပ်ထဲ ဖမ်းသွားလိုက်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မြဝတီမြို့ နဒီလင်းမြိုင်ရွာမှာ တရားမဝင်ကုန်ပစ္စည်းတွေ တင်ဆောင်လို့ဆိုပြီး ဖမ်းဆီးခံလိုက်ရတဲ့သူတွေထဲအမှာ ကားနောက်လိုက်သူစပယ်ယာတွေကတော့ ပြန်လွှတ်လာခဲ့ပေမယ့် ကားမောင်းသမားဒရိုင်ဘာတွေကတော့ အောက်တိုဘာ ၂၂ ရက်နေ့အထိ ပြန်မလွှတ်လာသေးပဲ အမှတ် ၂၇၅ တပ်ရင်းဌာနချုပ်ထဲမှာ ချုပ်နှောင်ဖမ်းဆီးခံနေရဆဲပဲလို့ သိရပါတယ်။
မြဝတီမြို့မှာ စစ်တပ်က ထိုင်းကုန်ပစ္စည်းတွေ ခပ်စိပ်စိပ်ဖမ်းဆီးလာနေတာ၊ စစ်တပ်အပြင် လက်နက်ကိုင်အဖွဲ့တွေကို ငွေကြေးအမြောက်အများ ပေးကမ်းရတာတွေကြောင့် ကုန်သည်တွေအတွက် အခက်အခဲတွေ အများအပြား ကြုံနေရတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။
တခါအဖမ်းခံရရင် ထိုင်းကုန်ပစ္စည်းနဲ့ ကားအစီးရေအလိုက် ကုန်သည်တစ်ဦးဟာ မြန်မာကျပ်ငွေ သိန်းထောင်ဂဏန်းကနေ သိန်းပေါင်းသောင်းချီအထိ ဆုံးရှုံးသွားခဲ့ရကာ လူတွေလည်း ငွေကြေးအမြောက်အများပေးပြီး ပြန်ရွေးယူလို့ရတာတွေရှိသလို ပြန်ရွေးလို့မရဘဲ ထောင်တန်းကျနေရတဲ့သူတွေလည်း အများကြီးရှိနေတယ်လို့ ဆိုကြပါတယ်။
ဒီလို စစ်တပ်ရဲ့ ထိုင်းကုန်ပစ္စည်းတွေ အဖမ်းအဆီးကြမ်းမှုကြောင့် ကရင်ပြည်နယ်အတွင်းမှာ ထိုင်းကုန်ပစ္စည်းတွေဟာ အရင်ကထက် တစထက်တစ ပိုပြီး ဈေးနှုန်းမြင့်မားလာနေခဲ့ကာ ဈေးကွက်ပျက်လာတာဖြစ်ပါတယ်။
နယ်စပ်မြို့ မြဝတီမှာ ထိုင်းကုန်ပစ္စည်းတွေ အဖမ်းအဆီးကြမ်းနေသလို ဘားအံ သထုံ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်က လမ်းတစ်လျှောက်တွေမှာလည်း ထိုင်းကုန်ပစ္စည်းတွေကို အကုန်ဆွဲချကာ စစ်တပ်က သိမ်းဆည်းနေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

