ရေး၊ အောက်တိုဘာ ၂၃
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ ခြေမြန်တပ်ရင်းက စစ်မှုထမ်း တပ်သား ၃ ဦး ထွက်ပြေးသွားတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ ရှေ့တန်းက ပြန်လာတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၅ သင်တန်းဆင်း တပ်သား ၃ ဦးဟာ တပ်ရင်းကနေ လက်နက်မဲ့နဲ့ ထွက်ပြေးသွားတာပါ။
ထွက်ပြေးသွားတဲ့ စစ်မှုထမ်း တပ်သား ၃ ဦးကို အင်အား ၁၀၀ လောက်ရှိတဲ့ စစ်တပ်စစ်ကြောင်းက တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားတဲ့ ကျောက်မိကျောင်းကျေးရွာအထိ စစ်ကြောင်းထိုးပြီး လိုက်လံရှာဖွေပေမယ့် ပြန်လည် ဖမ်းဆီးရမိတာ မရှိဘူးလို့ ဆိုပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ကျောက်မိကျောင်းကျေးရွာတဝိုက်မှာ တနေ့ကုန် စစ်ကြောင်းထိုး ရှာဖွေတာ မတွေ့ရတာကြောင့် ညနေပိုင်းမှာ ခမရ ၅၉၁ တပ်ရင်းထဲ ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။
စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် ကျောက်မိကျောင်းကျေးရွာအပါအဝင် အနီးအနားကျေးရွာကဒေသခံတွေ စိုးရိမ်ခဲ့ကြသေးပြီး ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်တာတော့မရှိဘူးလို့ ဆိုပါတယ်။
ထွက်ပြေးသွားတဲ့ စစ်မှုထမ်းတပ်သား ၃ ဦးဟာ အောက်တိုဘာ ၂၂ ရက်နေ့အထိ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေထံ ရောက်ရှိလာတာ မရှိသေးပါဘူး။
ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းက စစ်မှုထမ်း သင်တန်းဆင်း တပ်သားတွေဟာ မကြာခဏဆိုသလို ထွက်ပြေးတာတွေ ရှိနေပြီး အဲဒီထဲက တပ်သား အများစုဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ဝင်ရောက်သွားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

