ဝါရှင်တန်၊ အောက်တိုဘာ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် အစိုးရက သူ့ရဲ့ ဒုတိယ သမ္မတ သက်တမ်းအတွင်း ဗီဇာ ၃ သိန်းကျော်ကို ပယ်ဖျက်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဖက်ဒရယ် အစိုးရက ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် နှိမ်နှင်းနေချိန်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလိုမျိုး ပြောဆိုလာတာပါ။

အဲဒီ အရေအတွက်က မကြာသေးခင် သီတင်းပတ်တွေအတွင်း ဗီဇာ ပယ်ဖျက်မှု အရှိန်မြင့်တက်လာကြောင်း ဖော်ပြနေပါတယ်။

သြဂုတ်လ ၁၀ ရက်က ထုတ်ပြန်တဲ့ နောက်ဆုံး အချက်အလက်တွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထရန့်ရဲ့ လက်ရှိ သမ္မတ သက်တမ်း စတင်ခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီ နောက်ပိုင်း ဗီဇာ ပယ်ဖျက်မှု စုစုပေါင်း ၁၇၅၀၀၀ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ပြည်တွင်း လုံခြုံရေး တိုးတက်လာစေဖို့ ရည်ရွယ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းပြီး ပြန်လည် ပို့ဆောင်နေတာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

အဲဒီလို နှိမ်နှင်းမှုဟာ လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တွေ၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို ချိုးဖောက်တာ ဖြစ်ပြီး အန္တရာယ် မကင်းတဲ့ ပတ်ဝန်ကျင် တစ်ခု ဖန်တီးနေတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး အကျိုး ဆောင်ရွက်သူတွေက ပြောပါတယ်။

အထူးသဖြင့် လူမျိုးရေး ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ပြောထားတဲ့ လူနည်းစု လူမျိုးတွေ နှိမ်နှင်းခံနေရတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

လူမှုမီဒီယာပေါ်မှာ နောက်ဆုံး ကြေညာထားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်မီ ပီးဂေါ့က ထရန့် အစိုးရဟာ ရာဇဝင်မှာ အစိုးရ အဖွဲ့အားလုံးထက် ဗီဇာတွေကို ပိုမို မြန်ဆန်တဲ့နှုန်းနဲ့ ပယ်ဖျက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဗီဇာနဲ့ နေထိုင်နေပြီး ဥပဒေချိုးဖောက်သူတွေ၊ လိမ်လည်မှု ကျူးလွန်သူတွေနဲ့ မိမိတို့ နိုင်ငံတော် လုံခြုံရေးကို အားလျော့စေတဲ့ နိုင်ငံခြားသားတွေကို အစိုးရက လုံးဝ သည်းခံမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အထူးသဖြင့် ရှုတ်ချထားတဲ့ ဗီဇာ ပယ်ဖျက်မှုတွေထဲမှာ ပါလက်စတိုင်း လိုလားတဲ့ နိုင်ငံခြားသား ဆန္ဒပြသူတွေ ပါဝင်နေပါတယ်။

ရှေးရိုးစွဲ အစီအစဉ် တင်ဆက်သူ ချာလီကာ့ဒ် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ လူမှုမီဒီယာပေါ်မှာ မှတ်ချက်ရေးတဲ့ နိုင်ငံခြားသားတွေရဲ့ ဗီဇာတွေလည်း ပယ်ဖျက်ခံထားရပါတယ်။

နိုင်ငံခြားသား ဆန္ဒပြသူတွေကို ပြန်လည်ပို့ဆောင်ရေး ကြိုးပမ်းမှုတွေအပြင် ထရန့် အစိုးရက ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဗီဇာ လျှောက်ထားသူတွေရဲ့ လူမှုမီဒီယာ မှတ်တမ်းများကို ပိုမို တင်းကြပ်စွာ စစ်ဆေးနေပါတယ်။

အမေရိကန် အစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် နှိမ်နှင်းမှုတွေဟာ ဝေဖန် ပြစ်တင်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ကလေးငယ်လေးတွေကိုပါမချန် ဖမ်းဆီးတဲ့ လုပ်ရပ်တွေကို အများက ပြစ်တင် ပြောဆိုနေကြတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.