မော်လမြိုင်မှာ အပူဒဏ်ကြောင့် ပန်းရံလုပ်သား တစ်ဦး လဲကျသေဆုံး

မော်လမြိုင်၊ အောက်တိုဘာ ၂၀

မွန်ပြည်နယ် မော်လမြိုင်မြို့ သာယာအေးရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာ အပူဒဏ်ကြောင့် ပန်းရံလုပ်သား တစ်ဦး လဲကျသေဆုံးခဲ့တယ်လို့ ဒေသခံတွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

မနေ့ အောက်တိုဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ပန်းရံလုပ်သား တစ်ဦးဟာ ရေသန့်ကားလာတဲ့အချိန် ရေသန့်ဗူးလဲဖို့ ထွက်လာစဉ် နေအိမ်အရှေ့မှာ သတိမေ့ လဲကျမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့က သတိမေ့ လဲကျနေတဲ့ ပန်းရံလုပ်သားကို အရေးပေါ်ကုသမှုတွေ လုပ်ဆောင်ပေးခဲ့ပေမယ့် အသက်သေဆုံးသွားတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အခုလအတွင်း အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုကြောင့် အပူချိန် ပြင်းထန်ပြီး အပူလျှပ်ခြင်း Heat Stroke ကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာခဲ့ပါတယ်။

အပူဒဏ်ကြောင့် ဘီးလင်းမြို့နယ်မှာ လေးဦး၊ သထုံမြို့နယ်မှာ တစ်ဦး၊ မော်လမြိုင်မြို့နယ်မှာ တစ်ဦး၊ စုစုပေါင်း ခြောက်ဦးအထိ ရှိလာပြီး သေဆုံးသူ အများစုဟာ အရက်သမားတွေအပါအဝင် သက်လတ်ပိုင်း လူငယ်တွေလည်း ပါဝင်နေတာပါ။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ အောက်တိုဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အပူချိန်ဟာ အမြင့်ဆုံး အပူချိန် ၃၆ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့ပြီး အပူချိန် ထပ်မံမြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

အပူချိန်မြင့်မားလာမှုကြောင့် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်ဖို့၊ အလွန်ပူနေတဲ့ နေရာတွေကနေ အေးတဲ့နေရာကို ချက်ချင်းမဝင်ဖို့နဲ့ အပြင်ထွက်သွားလာမှုကို သတိရှိကြဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

ကမ္ဘာ့မိုးလေဝသပညာရှင်တွေကတော့ စူပါအယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေမှာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနိုင်ပြီး အပူဒဏ်ကြောင့် လူဦးရေ သိန်းနဲ့ချီ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.