ပဲရစ် အောက်တိုဘာ ၃
ပြင်သစ်နိုင်ငံတစ်ဝန်း ပညာရေးအခြေအနေတွေကို မကျေနပ်လို့ ကျောင်းသားတွေ ဆန္ဒပြမှုတွေ ဆက်လက်ပြင်းထန်နေပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားနေပါတယ်။
ဆရာ၊ ဆရာမ မလုံလောက်တာ၊ စာသင်ခန်းတွေမှာ ကျောင်းသားအရေအတွက် များပြားလွန်းတာ၊ ကျောင်းအဆောက်အအုံတွေ ဟောင်းနွမ်းပျက်စီးနေတာနဲ့ ပညာရေးအသုံးစရိတ် လျှော့ချမယ့် အစီအစဉ်တွေကို မကျေနပ်တာကြောင့် အထက်တန်းကျောင်းသားတွေ ဦးဆောင်ပြီး ဆန္ဒပြနေကြတာပါ။
ဒီဆန္ဒပြမှုဟာ ပြီးခဲ့တဲ့သီတင်းပတ်က ပဲရစ်မြို့မှာ စတင်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းကို ပျံ့နှံ့သွားခဲ့ပါတယ်။ လက်ရှိမှာ ပြင်သစ်နိုင်ငံရှိ ကျောင်းပေါင်း ၃,၇၀၀ အနက် ၇၃၅ ကျောင်းဟာ ဆန္ဒပြမှုတွေရဲ့ သက်ရောက်မှုကို ပုံစံအမျိုးမျိုးနဲ့ ခံစားနေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆန္ဒပြမှုအတွင်း လမ်းတွေပေါ်မှာ မီးရှို့မှုတွေ၊ အမှိုက်ပုံးတွေ မီးတင်ရှို့တာတွေ ဖြစ်ပွားခဲ့သလို ရဲတပ်ဖွဲ့နဲ့လည်း ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ပဲရစ်မြို့ဆင်ခြေဖုံးမှာ ရဲတပ်ဖွဲ့ဝင်တွေကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လူစုခွဲကာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပြင်သစ် ပြည်ထဲရေးဝန်ကြီး လောရန့် နူနက်ရဲ့ ပြောကြားချက်အရ အောက်တိုဘာ ၂ ရက် တစ်ရက်တည်းမှာ လူ ၁,၇၄၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ မငြိမ်မသက်မှုတွေအတွင်း ပညာရေးဝန်ကြီးဌာန ဝန်ထမ်း အနည်းဆုံး ၆၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဘဲလ်ဖို့တ်မြို့မှာတော့ ရဲအရာရှိ တစ်ဦးကို လူငယ်တစ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို လူသတ်ဖို့ ကြိုးပမ်းမှု သံသယနဲ့ ဖမ်းဆီးထားပါတယ်။
ဆန္ဒပြမှုတွေကြောင့် ကျောင်းအဆောက်အအုံတွေလည်း ပျက်စီးမှုရှိခဲ့ပြီး နန်တီးစ်မြို့က နယ်ဆင်မန်ဒဲလား အထက်တန်းကျောင်းမှာ မီးလောင်မှုကြောင့် ယူရို ၂ သန်းကျော်တန်ဖိုးရှိ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။
အစိုးရဘက်ကတော့ လက်ရှိဆန္ဒပြမှုတွေထဲမှာ ကျောင်းသားမဟုတ်သူတွေ ဝင်ရောက်ပါဝင်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ပြောဆိုထားပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေဆီက ဓာတ်ဆီဗုံးတွေ၊ ပုဆိန်တစ်လက်နဲ့ မီးရှူးမီးပန်းပစ်လွှတ်တဲ့ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကျောင်းသားတွေဘက်ကတော့ စာသင်ချိန်ရှည်လွန်းတာ၊ စာသင်ခန်းတွေ ပူလွန်းတာ၊ ဝန်ထမ်းနဲ့ ဆရာ၊ ဆရာမတွေ မလုံလောက်တာအပြင် ပညာရေးအသုံးစရိတ် လျှော့ချဖို့ စီစဉ်နေတာကို အဓိကကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
Ref:BBC

