ချီကာဂို၊ စက်တင်ဘာ ၂၅
စူပါ အယ်လ်နီညို ရာသီဥတု အခြေအနေကနေ ထပ်ပိုလာမယ့် အပူချိန်ကြောင့် ဖေဖော်ဝါရီလ မတိုင်ခင် လူပေါင်း ၄ သိန်းကျော် သေဆုံးနိုင်ခြေ ရှိတယ်လို့ ရာသီဥတု သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ သိရပါတယ်။
စူပါအယ်လ်နီညိုရာသီဥတုကြောင့် လာမယ့်နှစ် ဖေဖော်ဝါရီမတိုင်ခင် လူပေါင်း ၄၅၁၀၀၀ သေဆုံးနိုင်တယ်လို့ ချီကာဂို တက္ကသိုလ်နဲ့ ရာသီဥတု သက်ရောက်မှု စမ်းသပ်ခန်းတို့ရဲ့ လေ့လာမှုမှာ ခန့်မှန်းထားပါတယ်။
၂၀၂၆ ဇွန်လ အထိ အပူချိန်ကြောင့် လူသေဆုံးမှု တချို့ရှိခဲ့ပြီး ဖြစ်ပေမယ့် ၂၀၂၇ ဇွန်လ ဒါမှမဟုတ် ဇူလိုင်လအထိ အယ်လ်နီညို ရာသီဥတုရဲ့ ဒဏ်ကို ဆက်လက်ခံရဖွယ်ရှိတယ်လို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။
ပြင်းထန်တဲ့ အယ်လ်နီညိုရာသီဥတု အခြေအနေကို အင်ဒိုနီးရှားကနေ အိန္ဒိယအထိ ပြီးတော့ နိုင်ဂျီးရီးယားကနေ အမေရိကန်အထိ ကမ္ဘာတဝှမ်းလုံး ခံကြရမှာ ဖြစ်ပါတယ်။
အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာတဲ့ မိုးခေါင်ရေရှားမှု၊ တောမီး လောင်ကျွမ်းမှုနဲ့ ရေကြီးရေလျှံမှု ကြောင့် နောက်ထပ် သေဆုံးသူ အများကြီး ရှိလာနိုင်ပါတယ်။
အပူချိန်ကြောင့် လူသေဆုံးမှု အရေအတွက်ကို ဒေသဆိုင်ရာ အတိုင်းအတာနဲ့ ခန့်မှန်းထားတာ ဖြစ်ပြီး လူတွေရဲ့ အသက်ကို ကယ်ဖို့ လူတွေကို ကာကွယ်ပေးဖို့ အစီအစဉ်တွေ ချမှတ်ထားတဲ့ ဒေသတွေကိုလည်း ခန့်မှန်းချက်မှာ ဖော်ပြထားတယ်လို့ သုတေသီတွေက ပြောပါတယ်။
အပူချိန်နဲ့ ပတ်သက်လို့ ခန့်မှန်းမှု ပိုကောင်းအောင်လုပ်တာ၊ အအေးပေး စင်တာတွေထားရှိတာ၊ အပူပြင်းဆုံး အချိန်အတွင်း ဆေးဖက်ဆိုင်ရာ အဆောက်အဦတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ ပိုမိုထားရှိတာ အပြင်ဖက်မှာ အလုပ်လုပ်ရတဲ့ အလုပ်သမားတွေကို ကာကွယ်ပေးတာ စတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ရမယ်လို့ သုတေသီတွေက အကြံပြုပါတယ်။
လက်ရှိ အယ်လ်နီညို ရာသီဥတုကြောင့် စက်တင်ဘာ ၂၁ ရက်က အမြင့်မားဆုံး အပူချိန်နဲ့ ကြုံတွေ့ခဲ့ပြီး အပြင်းထန်ဆုံး အခြေအနေကို ရောက်ဖို့ လအနည်းငယ် လိုသေးတယ်လို့ သုတေသီတွေက ပြောပါတယ်။
အယ်လ်နီညို ရာသီဥတု အခြေအနေဟာ သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ ရာသီဥတု အခြေအနေတွေ ဖြစ်ပေမယ့် ကမ္ဘာကြီး ပူနွေးမှုကြောင့် အခြေအနေ ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။
လာမယ့် ၆ လတာအတွင်း အများဆုံး ထိခိုက်မယ့် နိုင်ငံတွေထဲမှာ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ ဆူဒန်၊ အိန္ဒိယနဲ့ ဘရာဇီးစတဲ့ အပူပိုင်း နိုင်ငံတွေ ပါဝင်နေပါတယ်။
အမေရိကန်ဟာ အများဆုံး ထိခိုက်နိုင်တဲ့ နိုင်ငံ ၂၀ စာရင်းမှာ ပါဝင်နေပြီး အပူချိန်ကြောင့် သေဆုံးသူ ၃၅၀၀ ရှိနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
Ref:TheGuardian

