စစ်အုပ်စုကို ထောက်ပံ့နေတဲ့ ဗီယက်နမ်ရဲ့ ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်ခတ်ဖို့ JFM တောင်းဆို

ဟနွိုင်း ၊ စက်တင်ဘာ ၄

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ဆက်လုပ်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ ဗီယက်နမ်နိုင်ငံက ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar (JFM) က ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ဗီယက်နမ်ရဲ့ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ရမယ်လို့ စက်တင်ဘာ ၃ ရက်နေ့မှာ JFM က ထုတ်ပြန်ခဲ့တာပါ။

စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ တရားဝင်ခရီးစဉ်အဖြစ် ဖိတ်ကြားခဲ့တဲ့ ဗီယက်နမ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို JFM က ရှုတ်ချထားသလို ဗီယက်နမ်နိုင်ငံအနေနဲ့ စစ်အုပ်စုထံ စစ်ရေးသုံးပစ္စည်းကိရိယာတွေ နည်းပညာနဲ့ ဘဏ္ဍာငွေတွေ လွှဲပြောင်းပေးနေမှုအားလုံးကို ချက်ချင်းရပ်တန့်ရမယ်လို့ ဆိုပါတယ်။

အဲဒီခရီးစဉ်မှာ ဆက်သွယ်ရေး၊ လေယာဉ်ဆီ၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ထောက်ပံ့တာနဲ့ စစ်ရေးလေ့ကျင့်မှုတွေအပါအဝင် နှစ်နိုင်ငံ စစ်တပ်အကြား ကာလရှည်ကြာ တည်ရှိလာတဲ့ စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးတွေကို ဆက်လက်ခိုင်မာစေမယ်လို့ ထောက်ပြထားတာပါ။

ဒါ့အပြင် ခရီးစဉ်အတွင်း ဦးမင်းအောင်လှိုင်က မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ စီစဉ်ထားပြီး အဲဒီဖိုရမ်ဟာ ဗီယက်နမ် စီးပွားရေးလုပ်ငန်းတွေကို စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်စေမှုကို ပိုမိုနက်ရှိုင်းစေမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဗီယက်နမ်ရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ ဆက်သွယ်ရေးလုပ်ငန်း Mytel ဟာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment၊ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာခရိုနီတွေအကြား ဖက်စပ်စီမံကိန်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ အဲဒီလုပ်ငန်းမှာ သူတို့ ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေအတွက် ဆယ်နှစ်အတွင်း အမြတ်ဝေစု အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း Mytel လုပ်ငန်းကို ကြီးကြပ်လုပ်ကိုင်တဲ့ ကုမ္ပဏီရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေအပေါ် JFM က လေ့လာဆန်းစစ်ထားတာပါ။

Mytel ဟာ မြန်မာစစ်တပ်အတွက် ငွေကြေးထောက်ပံ့မှုအပြင် မဟာဗျူဟာမြောက် စစ်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေး ရည်ရွယ်ချက်တွေအတွက်ပါ အထောက်အကူပြုနေတဲ့အပြင် စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ် အာဏာရှင်စနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

JFM က ဖော်ထုတ်ခဲ့တဲ့အတိုင်း Mytel က Geedge Networks ရဲ့ ဈေးကွက်စီးပွားဖြစ်ဗားရှင်းအဖြစ် ဖန်တီးထားတဲ့ တရုတ်နိုင်ငံရဲ့ အင်တာနက်ပိတ်ဆို့ရေး မဟာရံစနစ်ကို ရန်ကုန်နဲ့ မန္တလေး ဒေတာစင်တာတွေမှာ တပ်ဆင်အကောင်အထည်ဖော်ခဲ့တာပါ။

အဲဒီစနစ်ဟာ မိုဘိုင်းဖုန်းကွန်ရက် အသုံးပြုမှုတွေကို တစ်ဦးချင်းအဆင့်အထိ ခြေရာခံနိုင်တဲ့အပြင် မိုဘိုင်းအသုံးပြုသူတွေရဲ့ တည်နေရာကိုလည်း အချိန်နဲ့တစ်ပြေးညီ သိရှိစေနိုင်ပါတယ်။

ဒါကြောင့် စစ်အုပ်စုအတွက် နိုင်ငံတစ်ဝန်းရှိ လူ့အခွင့်အရေးကာကွယ်သူတွေ၊ သတင်းသမားတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ခြေရာခံရှာဖွေတာ၊ ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာနဲ့ သတ်ဖြတ်တာတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနေတာလို့ JFM က ထောက်ပြပါတယ်။

ဒီအတွက် Mytel ကို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်မှုတွေ ချမှတ်အရေးယူထားပြီး မိခင်ကုမ္ပဏီ MEC ကိုလည်း ဩစတြေးလျ၊ ကနေဒါ၊ ယူကေ၊ အီးယူနဲ့ အမေရိကန်တို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာပါ။

တစ်ဘက်မှာတော့ ဗီယက်နမ်ကုမ္ပဏီတွေဟာ စစ်အုပ်စုရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေတဲ့အပြင် ဗီယက်နမ်က မြန်မာနိုင်ငံကို စစ်ဘက်သုံးဆက်သွယ်ရေးပစ္စည်းတွေ လွှဲပြောင်းပို့ဆောင်ရာမှာလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ပတ်သက်ခဲ့တယ်လို့ JFM က ဆိုပါတယ်။

ဒါကြောင့် စစ်အုပ်စုကို ဘဏ္ဍာငွေ စစ်ရေးသုံးပစ္စည်းကိရိယာတွေနဲ့ လေယာဉ်ဆီတွေ ထောက်ပံ့ပေးနေတဲ့ ပိုမိုကျယ်ပြန့်တဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ဆက်လက်တောင်းဆိုထားတာပါ။

မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ် လက်ခံကြိုဆိုတာ တရားမဝင် အကျင့်ပျက်ခြစားနေတဲ့ စစ်အုပ်စုနဲ့ စီးပွားရေး ဆက်လက်လုပ်ကိုင်တဲ့အနေနဲ့ ဗီယက်နမ်ဟာ စစ်အုပ်စုထံ ငွေကြေးတွေ စီးဆင်းစေဖို့ ကူညီနေတာ ဖြစ်ပါတယ်။

ဒါဟာ စစ်အုပ်စုကို ကျောထောက်နောက်ခံပေးပြီး နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့တွေဟာ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတာလို့ JFM က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.