မော်လမြိုင်၊ ဩဂုတ် ၂၉
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော်ကာလအတွင်းမှာ တရားဥပဒေ စိုးမိုးမှုတွေ လျော့နည်းလာပြီးနောက် လုံခြုံမှုတွေပါ ပိုမို ကင်းမဲ့လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခုလို တရားဥပဒေ စိုးမိုးမှု မရှိတာကြောင့် ဒီနေ့ ဩဂုတ် ၂၈ ရက်နေ့မှာပဲပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့က ကိုကိုညီညီ လျှပ်စစ်ပစ္စည်းဆိုင်မှာ လက်နက်ကိုင် အမျိုးသား ၃ ဦးက အနုကြမ်း ဝင်စီးပြီး မီးခံသေတ္တာ ယူဆောင်သွားတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ ကလည်း လမိုင်းမြို့မှာ အမျိုးသား တစ်ဦးက ပစ္စတိုသေနတ် ပြကာ ကားတစ်စီးကို လုယက် မောင်းနှင်ထွက်ပြေးသွားတဲ့ ဖြစ်စဉ်တွေအပြင် တခြား လူသတ် ဆိုင်ကယ်လုယက်တဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
အခုလို စစ်တပ် အသွင်ပြောင်း အစိုးရအနေနဲ့ အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာကအစ တရားဥပဒေ စိုးမိုးမှု မရှိတာကြောင့် လုံခြုံရေး ကင်းမဲ့လာတဲ့ အပေါ် ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
ဒေသခံ တစ်ဦးကတော့ အရင်က ရဲတပ်ဖွဲ့တွေ၊ စစ်တပ်တွေ ရှိတာကြောင့် သူခိုးဓားပြရန်က ကင်းခဲ့ပေမယ့် လက်ရှိ သူတို့ကို ယုံကြည်အားကိုးလို့ မရတာကြောင့် ကြောက်ရွံ့မှုနဲ့ စိုးရိမ် ထိတ်လန့်မှုတွေ ပိုများလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ညဘက် ညရေးညတာလည်း တစ်ယောက်တည်း ဆိုရင် မလုံခြုံတော့ဘူး၊ တကယ်တမ်းဆိုရင် အရင်တုန်းကဆိုရင် ရဲတပ်ဖွဲ့တို့ စစ်တပ်တို့ ရှိတယ် ဆိုရင် ကျွန်တော်တို့က တစ်ယောက်တည်း ဆိုရင်လည်း မကြောက်တော့ဘူးဗျာ၊ သူခိုးဓားပြရန်ကနေ ပြီးတော့ ကင်းတာပေါ့၊ အခုက သူတို့ ကိုယ်တိုင်က အဲဒီလို ဖြစ်နေတဲ့အခါကျတော့ ပြည်သူက ဘယ်သူကို ယုံကြည်ပြီးတော့ အားကိုးရမလဲပေါ့၊ ပြည်သူ တော်တော်များများက ကြောက်ရွံ့မှုနဲ့ စိုးရိမ် ထိတ်လန့်မှုတွေက ပိုများများ လာတာပေါ့” လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်းမှာ တရားဥပဒေ စိုးမိုးမှုတွေ ကင်းမဲ့ပြီး လုံခြုံမှု မရှိတော့တဲ့ အတွက် နေ့စဉ် ရှာဖွေစားသောက်ဖို့တွေကအစ အခက်အခဲ ရှိလာတဲ့အပြင် ကိုယ့်လုံခြုံရေးကို စိုးရိမ်စိတ်တွေနဲ့ ကိုယ်ပြန် တာဝန်ယူနေရတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ အနုကြမ်းစီး လုယက်မှု ဖြစ်စဉ်တွေကို ကြည့်ပါက သေနတ်တွေ ကိုင်ဆောင်ထားတာကြောင့် တော်ယုံ သူခိုးဓားပြတွေမှာ သေနတ်တွေ မရှိနိုင်တဲ့ အတွက်လည်း စဉ်စားစရာ ဖြစ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တဖက်မှာတော့ စစ်တပ် အသွင်ပြောင်း အစိုးရ လက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူစစ်အဖွဲ့ အပြင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့တွေက မြို့ဝင်၊ မြို့ထွက်တွေမှာ စစ်ဆေးတာ၊ မြို့တွင်း ပိတ်ဆို့ ရှာဖွေတာတွေ လုပ်ဆောင်နေပေမယ့် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေတာပါ။
မွန်ပြည်နယ်မှာတော့ အာဏာသိမ်းစစ်တပ်ကနေ အသွင်ပြောင်း စစ်အစိုးရကို ပြောင်းလဲလာပေမယ့် မကြာခဏ ဆိုသလို ဆိုင်ကယ် ခိုးမှုတွေ၊ လက်နက်ပြ လုယက်မှုတွေ၊ လူသတ် ခိုးဆိုးလုယက်မှုတွေအပြင် တခြား ဒုစရိုက်မှုတွေပါ ဖြစ်ပွားနေတဲ့အပြင် ပြစ်မှု ကျူးလွန်သူ အများစုကိုတော့ ဖမ်းဆီးရမိတာ မရှိဘူးလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

