နေပြည်တော် ၊ ဩဂုတ် ၂၉
လူမျိုးတစ်မျိုးရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို မလွဲမသာ လျှောက်လှမ်းလာခဲ့ကြတဲ့ မွန်တွေရဲ့ တော်လှန်ရေးဟာ နှစ်ပေါင်း ၇၉ နှစ်ကြာသည့်တိုင် အောင်ပွဲမရရှိသေးပါဘူး။
ဒါကြောင့် မွန်လူထုတစ်ရပ်လုံးအနေနဲ့ အပြီးသတ်အောင်ပွဲရရှိရေးအတွက် အင်အားစုအသွင်နဲ့ ကျရာကဏ္ဍကနေ စုစည်းတော်လှန်ကြဖို့နဲ့ တတ်နိုင်သမျှ ပါဝင်ကူညီကြဖို့ ဩဂုတ် ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၇၉ နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းကြပါတယ်။
မွန်တော်လှန်ရေးသမိုင်းကို ကြည့်ရင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်နဲ့ အမျိုးသားရေးအခွင့်အရေးတွေ ရရှိဖို့ ဝါခေါင်လပြည့်နေ့မှာ မွန်လူငယ် ၂၇ ဦးတို့ ဦးဆောင်ပြီး ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာသပြင်ကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြရာကနေ အစပြုခဲ့တာပါ။
ဒီလိုမျိုး မွန်လူငယ်တစ်စုကနေ စတင်ခဲ့တဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးဟာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့အတူ အသက်၊သွေး၊ချွေးတွေ ရင်းပြီး ပေးဆပ်ခဲ့ရမှုဟာ ဆယ်စုနှစ်ချီ ရှည်ကြာလာခဲ့ပေမယ့် အန္တိမရည်မှန်းချက်တွေနဲ့တော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
အခုလို မွန်တော်လှန်ရေး ရှည်ကြာလာတာနဲ့အမျှ မူလတော်လှန်ရေးရည်မှန်းချက်တွေအပေါ် ပုဂ္ဂလိက အကျိုးစီးပွားတွေ လွှမ်းမိုးမလာစေဖို့ သတိချပ်သင့်တယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MLMU-SU) နဲ့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) တို့က ထောက်ပြပါတယ်။
ဒါ့ကြောင့် လက်နက်ကိုင်တော်လှန်ရေးရဲ့ အန္တိမနိုင်ငံရေးရလဒ်ကို အဖိနှိပ်ခံတို့ရဲ့ သွေးစည်းညီညွတ်မှုနဲ့ အပြီးသတ်အောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်း မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် ပူးတွဲထုတ်ပြန်ချက်မှာ တိုက်တွန်းထားတာပါ။
စစ်တပ်ရဲ့ တစ်ကျော့ပြန် ၂၀၂၁ အာဏာသိမ်းမှုကနေ ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲမှာ သွေးသစ်လောင်းတဲ့ မွန်လူငယ် မျိုးဆက်သစ်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေကြပါတယ်။
ဒါဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်တည်ဆောက်ရေးအတွက် ဖြစ်ပါတယ်။
ဒီအတွက် ပြန့်ကြဲနေတဲ့ အင်အားစုတွေကို စုစည်းပြီး ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို့နဲ့ ပြည်သူကို ကာကွယ်ပေးနိုင်ဖို့ မွန်ပြည်တော်လှန်ရေးအစိုးရတစ်ရပ် လိုအပ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောခွင့်ရ နိုင်ပီတာက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိက ပြန့်ကြဲနေတဲ့ အင်အားတွေ ပြီးတော့ အဖွဲ့အစည်းတွေ တစ်ညီတစ်ညွတ်တည်း တစ်စုတစ်စည်းတည်းနဲ့ ဟန်ချက်ညီညီ လှုပ်ရှားဆောင်ရွက်နိုင်ဖို့ ပေါ့။ နောက်ပြီးတော့ ပြည်သူတွေကို ကာကွယ်နိုင်ဖို့ကလည်း အရေးကြီးတာပေါ့။ လက်ရှိ စစ်အုပ်စုရဲ့ဖိနှိပ်မှုတွေကြားထဲမှာဆိုရင် ရုန်းကန်နေရတဲ့ ပြည်သူတွေ နောက်ပြီး စစ်အုပ်စု စစ်ကြောင်းထိုးလာလို့ရှိရင်လည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ ကာကွယ်ဖို့ အားကိုးရမယ့်လူ (မွန်ပြည်တော်လှန်ရေးအစိုးရ) လိုတာပေါ့”လို့ ဆိုပါတယ်။
စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေကို မဟာဗျူဟာကျကျ ဖော်ဆောင်ပြီး တော်လှန်ရေးကာလ မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးထူထောင်ကြဖို့ မွန်ပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေကို လူငယ်အင်အားစုတွေက တိုက်တွန်းထားတာပါ။
ဒ့ါအပြင် စစ်ရေး၊ နိုင်ငံရေး ဦးဆောင်မှုတွေမှာ တော်လှန်လူငယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပြီး သူတို့ရဲ့ အင်အားကို အသိအမှတ်ပြုကြဖို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ ရာမညဖက်ဒရယ်အင်အားစုသစ်တို့ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
တော်လှန်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မွန်ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြကာ ကိုယ်စားပြုရာ အစုအဖွဲ့အတွက် တာဝန်ခံကြဖို့ အပါအဝင် မွန်ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ လုံခြုံရေးကို ထိပါးလာရင် အကာအကွယ်ပေးကြဖို့လည်း ပါဝင်ပါတယ်။
လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ပစ်ဖို့ ကြိုးပမ်းနေကြတာဟာ ၆ နှစ်တာကို ဝင်ရောက်လာခဲ့ပြီး စစ်တပ်ကလည်း အရပ်သားအသွင်ပြောင်းကာ လွှတ်တော်နဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းထားတာပါ။
မွန်ပြည်နယ်မှာ စစ်တပ်က အရပ်သားတွေနဲ့ အများဆိုင်ရာပစ်မှတ်တွေကို ဦးတည်တဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို အရင်နှစ်တွေထက် ပြင်းပြင်းထန်ထန် လုပ်ဆောင်လာနေသလို အဓမ္မ စစ်မှုထမ်းစုဆောင်းမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း ဆက်လက် ကျူးလွန်နေပါတယ်။
တစ်ဘက်မှာ သွေးခွဲရေးဗျူဟာအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး နွေဦးတော်လှန်ရေးကနေ ပေါ်လာတဲ့ PDF တွေကိုတော့ ဥပဒေဘောင်အတွင်း လက်နက်ချခိုင်းဖို့ ကမ်းလှမ်းတာ ဖြစ်ပါတယ်။
ဒီလိုမျိုး လုပ်ရပ်တွေဟာ ပြောင်းလဲသွားတာ မရှိတဲ့အတွက် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ဖို့ မွန်တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှု အဓိက ကျတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP AD/ ရာမညမွန်တပ်တော် ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒါတွေဟာ သူတို့ရဲ့ နဂိုမူလ အလုပ်တွေပါပဲ။ ဘာမှ ပြောင်းလဲသွားတာ မရှိပါဘူးခင်ဗျ။ ကျွန်တော်တို့ရဲ့ သဘောထားကတော့ စစ်အာဏာရှင်စနစ်နဲ့ သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုက်ဖျက်နိုင်မှသာ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒီအခြေအနေအောက်မှာ အဓိက ကျတဲ့ အချက်တစ်ချက်ရှိတယ်။ အဲဒါကတော့ ကျွန်တော်တို့ မွန်တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှုပေါ့။ ကျွန်တော်တို့အတွင်းမှာ အမြင်တူတာရော မတူတာရော ရှိမှာပေါ့ဗျာ။အမြင်တူတာတွေကို ပူးပေါင်းလုပ်ဆောင်ပြီး အမြင်မတူတာတွေကို ညှိနှိုင်းဆောင်ရွက်ပြီး မွန်အမျိုးသားအလံတော်အောက်မှ တစုတစည်းတည်း တိုက်ပွဲဝင်သွားဖို့ လိုအပ်မယ်လို့ မြင်တယ်”လို့ ဆိုပါတယ်။
NMSP AD/ ရာမညမွန်တပ်တော်အနေနဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ စုပေါင်းအားနဲ့သာ စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မှာဖြစ်လို့ ခိုင်မာတဲ့ တပ်ပေါင်းစုတစ်ရပ် ပေါ်ပေါက်လာရေးကို အစဉ်တစိုက် ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားတာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MFSC ကလည်း စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တဲ့နေရာမှာလည်း မွန်ပြည်အတွင်းရှိ မွန်လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ညီညွတ်မှု၊ စစ်ရေးအရ ပူးပေါင်းမှုတို့ကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားမယ်လို့ အသိပေးထားတာပါ။
စစ်အာဏာရှင်စနစ် ပျက်သုဉ်းပြီးနောက်ပိုင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်တည်ဆောက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဒါဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ အပါအဝင် တခြားပြည်နယ်ဖက်ဒရယ်ယူနစ်တွေနဲ့အတူ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ အသုံးပြုနိုင်အောင် အသွင်ကူးပြောင်းရေးကာလ အစီအမံကို ပြင်ဆင်နေတာပါ။
တစ်ဘက်မှာ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့လည်း မွန်ပြည်တော်လှန်ရေးချာတာ ရေးဆွဲရေးကိစ္စရပ်တွေကို လုပ်ဆောင်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ မွန်ပြည်အတွင်းမှာရှိတဲ့ အင်အားစုတွေနဲ့လည်း တော်လှန်ရေးချာတာရေးဆွဲဖို့ ကိစ္စရပ်တွေ ဆောင်ရွက်နေတယ်။ ဒါကလည်း တစ်နေ့ကျရင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ မွန်ပြည်အနေနဲ့ ပြည်နယ်ယူနစ်တစ်ရပ်အနေနဲ့ ပါဝင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါက တော်လှန်ရေးကာလ အသွင်ကူးပြောင်းရေးကာလနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကာလတွေမှာ အခြေခံမူတွေ နောက် ကျွန်တော်တို့ရဲ့ သဘောထားတွေ ပြင်ဆင်ဆောင်ရွက်နေတာ ရှိပါတယ်”လို့ ဆိုပါတယ်။
မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ (EROs) နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မွန်တော်လှန်ရေးနေ့မှာ MSFC က ထုတ်ပြန်ထားတာပါ။
NMSP AD/ ရာမညမွန်တပ်တော်ကလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် ဘဝတူ မဟာမိတ်တိုင်းရင်းသားတွေ တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဆက်လက်ပူးပေါင်း တိုက်ပွဲဆင်နွှဲသွားကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်စေရေးဟာ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ က ပေးပို့တဲ့ မွန်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-RMA

