တနင်္သာရီ ဩဂုတ် ၂၉

တနင်္သာရီတိုင်း မောတောင်မြို့ မြို့မရပ်ကွက်မှာ မိုင်းထိလို့ အမျိုးသား ၁ ဦး ခြေထောက်ပြတ်သွားတယ်လို့ ဒေသအခြေစိုက် PDF တပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

မိုင်းထိသူဟာ မြို့မရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ် မောင်ချစ်လင်းကို ဆိုသူဖြစ်ပြီး ဩဂုတ် ၂၆ ရက် ညနေပိုင်းမှာ ရပ်ကွက်အနီး ရော်ဘာခြံမှာ အလုပ်လုပ်နေချိန် မိုင်းထိခဲ့တာလို့ဆိုပါတယ်။

ခြံထဲမှာ မြက်ခြုံရှင်းနေတဲ့အချိန် မိုင်းထိတာဖြစ်ပြီး တိုက်ပွဲလက်ကျန်မိုင်း ဒါမှမဟုတ် အသစ်ထောင်ထားတဲ့ မိုင်းတွေကြောင့်လားဆိုတာ မသိရသေးဘူးလို့ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မိုင်းထိတာကြောင့် မောင်ချစ်လင်းကိုမှာ ဘယ်ဘက်ခြေထောက်ဟာ ခြေသလုံးကနေ ပြတ်ထွက်သွားတာကြောင့် နီးစပ်ရာဆေးခန်းမှာ ခြေထောက်ကိုဖြတ်တောက်ပြီး ဆေးကုသနေရပါတယ်။

မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံတွေဟာ မြို့ပေါ်ရပ်ကွက်တွေမှာ ပြန်လည်နေထိုင်ကြတာရှိပေမဲ့ အများစုကတော့ တိုက်ပွဲလက်ကျန် စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ထိခိုက်သေဆုံးမှာ စိုးရိမ်ပြီး မပြန်လာကြသေးပါဘူး။

မောတောင်မြို့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူပြီး ၆ လအကြာ အခုနှစ် မေလအတွင်းမှာ အာဏာသိမ်း စစ်တပ်က ပြန်လည်သိမ်းယူခဲ့တာပါ။

တိုက်ပွဲကာလအတွင်းမှာ လေကြောင်းကနေဗုံးကြဲတာ၊ လက်နှက်ကြီးအပြန်အလှန် ပစ်ခတ်တာနဲ့ မြေမြုပ်မိုင်း၊ တိုက်မိုင်းတွေ အပြန်အလှန်ထောင်တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.