မုဒုံ၊ သြဂုတ် ၂၀
မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း ရေကျော်မှု ဖြစ်ပွားနေတာကြောင့် ဆိုင်ကယ်နဲ့ ကားငယ်တွေ သွားလာလို့မရဘဲ ပိတ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေတွေကြောင့် ဒီကနေ့ ဩဂုတ် ၂၀ ရက်နေ့ မနက်အစောပိုင်းကစလို့ မုဒုံမြို့နယ် နီးပဒေါကျေးရွာနဲ့သံဖြူဇရပ်မြို့အဝင် ဖောင်းစိန်ကျေးရွာအနီးမှာ ကားလမ်းရေကျော်မှုတွေ ဖြစ်ပွားနေပါတယ်။
“ကားလမ်းပေါ်မှာ ရေက တစ်ပေခွဲကျော်လောက် တက်နေတာ။ ကားကြီးတွေတော့ သွားလာနေတယ်။ ကားငယ်တွေတော့ ဖြတ်သန်းလို့ မရဘူး။ မိုးကလည်းဆက်ရွာနေတော့ ရေက ထပ်တက်မယ့် သဘောရှိတယ်”လို့ သံဖြူဇရပ်မြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကားလမ်းရေကျော်နေတာကြောင့် ဆိုင်ကယ်၊ ကားငယ်တွေနဲ့အိုးဝေတွေ ဖြတ်သန်းသွားလာမရဘဲ ပိတ်မိနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သံဖြူဇရပ်မြို့အနိမ့်ပိုင်း ရပ်ကွက်တွေမှာလည်း ရေဝင်နေတာတွေ ရှိနေသလို နှီးပဒေါကျေးရွာ အနိမ့်ပိုင်းတွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
ဒါကြောင့် မော်လမြိုင် – သံဖြူဇရပ်လမ်းပိုင်းကို အသုံးပြုမယ်ဆိုပါက လမ်းခရီးအခြေအနေကို ကြိုတင်စုံစမ်းကြဖို့နဲ့ ရေကျော်နေတဲ့ လမ်းပိုင်းကို အတင်းဖြတ်သန်းမောင်းနှင်တာ မပြုကြဖို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ သြဂုတ် ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် ရေကြီးရေလျှံမှု အန္တရာယ် သတိရှိကြဖို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

