ဖာပွန်၊ ဩဂုတ် ၂၀
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ခေါပူကျေးရွာအုပ်စုရှိ ဖောထာ့ကျေးရွာမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ အာဏာသိမ်း စစ်တပ်ဟာ ဖောထာ့ကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံး လေးလုံး လာရောက်ကြဲချသွားတာပါ။
လေကြောင်းဗုံးကြဲမှုကြောင့် သက်တော် ၅၀ အရွယ် ကျောင်းထိုင်ဆရာတော်ဟာ အခင်းဖြစ်ရာ နေရာမှာပဲ ပျံလွန်တော်မူခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အဦးတွေလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ KNU ဖာပွန်ခရိုင်မှာ အာဏာသိမ်း စစ်တပ်က မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို ဝေဟင်ကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကလည်း ဖာပွန်မြို့နယ် ထော်မဲ့ထာကျေးရွာမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့ပါတယ်။
ဖာပွန်ခရိုင်အတွင်းရှိ တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကလည်း အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

