ပုလော၊ ဩဂုတ် ၂၀
တနင်္သာရီတိုင်း ပုလောမြို့နယ် အောက်ပေါင်းကျေးရွာမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခင်းပွန်ဖြစ်သူ အမျိုးသား သေဆုံးခဲ့ပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့က ပုလောမြို့မှာ စစ်ဘေးရှောင်နေတဲ့ လင်မယားနှစ်ဦးဟာ အောက်ပေါင်းရွာက နေအိမ်မှာ စပါးပြန်လာယူချိန် ကျေးရွာအတွင်း မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။
မြေမြှုပ်မိုင်းကြောင့် ခင်ပွန်းဖြစ်သူဟာ အခင်းဖြစ်ပွားရာ နေရာမှာပဲ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာတော့ ကျောပြင်နဲ့ ပေါင်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပုလောဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။
မြေမြှုပ်မိုင်းနင်းမိတဲ့နေရာဟာ ပုလောမြို့မရဲစခန်းနဲ့ မလှမ်းမကမ်းမှာ ဖြစ်ပြီး အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားရာ နယ်မြေဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာမှာ ပလုံကောက်သွားတဲ့ အသက် ၃၈ နှစ်ရွယ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု မြင့်တက်နေပေမယ့် နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေက အရေးတယူ ဖြေရှင်းလုပ်ဆောင်တာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်

