မကွေး ဩဂုတ် ၂၀

မကွေးတိုင်း ဆောမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီး လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရမိတယ်လို့ တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဆောမြို့နယ်မှာ ဇူလိုင်လက စတင်ပြီး အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အဲဒီ တိုက်ပွဲတွေအတွင်း တော်လှန်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် MA-1 ၅ လက်၊ MA-2 ၁ လက်၊ MA-3 ၂ လက်၊ RPG-7 ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ 5.56 ကျည် ၁၃၉ တောင့်၊ G3 ကျည် ၁၀၉ တောင့် တို့ကိုထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“ဆောဘက်ကိုဦးတည်တယ်လို့ ယူဆရတဲ့ မိတ္ထီလာဘက်ကလာတဲ့ စစ်ကူတွေလည်း မကွေးဘက်ကို ရောက်နေတယ်လို့ သိရတယ်။ အဲဒီစစ်ကူတွေက ရခိုင်ဘက်ကို သွားမလား၊ ဆောဘက်ပဲ တက်မလားတော့ မသိရဘူး။” လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မိတ္ထီလာနဲ့ ချောက်မြို့က အာဏာသိမ်းစစ်တပ်ဖွဲ့ဝင် အင်အား ၅၀၀ ဝန်းကျင်ဟာ ချောက်မြို့နယ်ကတဆင့် ရေနံချောင်းမြို့ကို သြဂုတ် ၁၉ ရက်က ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်ကို နယ်မြေစိုးမိုးမှုရဖို့အတွက် အာဏာသိမ်းစစ်တပ်က အင်အား ၄၀၀၀ ဝန်းကျင်အသုံးပြုပြီး မကွေးနဲ့ ချင်းပြည်နယ်အစပ်ကို စစ်ကြောင်းထိုးနေတာ ၃ လကျော်ကြာမြင့်နေပြီဖြစ်ပြီး မကြာခဏဆိုသလို စစ်ကူတွေ ပို့ဆောင်နေရပါတယ်။

ဆောမြို့နယ်မှာ ဇူလိုင်လအတွင်းတိုက်ပွဲတွေကလည်း အာဏာသိမ်းစစ်တပ်ထံက ရိက္ခာတင်ကား ၃ စီးအပါအဝင် လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.