ဖာပွန်၊ သြဂုတ် ၂၁
ကရင်ပြည်နယ် ဖာပွန်စစ်ဆင်ရေးအတွင်း စစ်တပ်ကို ကူညီပေးနေပြီး စစ်တပ်လက်အောက်ခံအဖြစ် ဆက်ရှိနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်ရင်းတွေကို စစ်တပ် အသွင်းပြောင်း ကရင်ပြည်နယ်အစိုးရက ထောက်ပံ့ကြေးတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ရဲ့ ၁၆ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် BGF တပ်ရင်း ၁၀၁၁၊ တပ်ရင်း ၁၀၁၃၊ တပ်ရင်း ၁၀၁၄ တို့ကို စစ်တပ် အသွင်းပြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် သိန်း ၉၀ ချီးမြှင့်ထောက်ပံ့ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။
ဩဂုတ် ၁၈ ရက်နေ့က စစ်တပ် အသွင်းပြောင်း ကရင်ပြည်နယ်အစိုးရ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်က ကရင်နယ်ခြားစောင့်တပ် BGF တပ်ရင်း ၃ ရင်းကို တစ်ရင်းလျှင် ငွေကျပ် သိန်း ၃၀ ဆီ ချီးမြင့်ထောက်ပံ့ပေးခဲ့ရာ BGF တာဝန်ရှိသူတွေက လက်ခံရယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ငွေကြေးထောက်ပံ့ပေးလိုက်တဲ့ BGF တပ်ရင်းတွေဟာ တပ်နယ် ၁ လက်အောက်ခံ လှိုင်းဘွဲမြို့နယ်အခြေစိုက် တပ်ရင်း ၁ ရင်းနဲ့ ဖာပွန်မြို့နယ်အခြေစိုက် တပ်ရင်း ၂ ရင်းတွေဖြစ်ကြပြီး ဒီတပ်ရင်း ၃ ရင်းလုံးဟာ BGF ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်စောချစ်သူဦးဆောင်တဲ့ ကရင်အမျိုးသားတပ်မတော် KNA ကို လိုက်ပါမပြောင်းသွားဘဲ စစ်တပ်လက်အောက်ခံအဖြစ် ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဖာပွန်မြို့နယ်အခြေစိုက် BGF တပ်ရင်းတွေဖြစ်တဲ့ ၁၀၁၃ တပ်ရင်းနဲ့ ၁၀၁၄ တပ်ရင်းတို့ဟာ စစ်တပ်က လုပ်ဆောင်နေတဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်စစ်ဆင်ရေးထဲမှာ စစ်တပ်စစ်ကြောင်းတွေကို ကူညီလမ်းပြပေးပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေတယ်လို့ BGF နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒီတပ်ရင်းတွေထဲက BGF ၁၀၁၄ တပ်ရင်းဟာ ကရင်ပြည်နယ် ဘားအံမြို့နဲ့ မွန်ပြည်နယ် သထုံမြို့ကို ဆက်သွယ်ထားတဲ့ သထုံ-မြိုင်ကလေး-ဘားအံ ကားလမ်းပေါ်က ဝါးပိုးတောစစ်ဆေးရေးဂိတ်၊ ၁၀ မိုင်ကုန်းအနီးက စစ်ဆေးရေးဂိတ်တွေမှာ တပ်စွဲပြီး ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ယာဉ်တွေကို ရဲတပ်ဖွဲ့နဲ့အတူ ငွေကြေးအမြောက်အများတောင်းယူနေပါတယ်။
ကရင်နယ်ခြားစောင့်တပ် BGF တပ်ရင်းတွေဟာ ဒီနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီပြောင်းလဲဖွဲ့စည်းမှုကို ကျားဖြန့်အရေးနဲ့ ပတ်သက်လို့ နာမည်ဆိုး ထွက်ပေါ်ကျော်ကြားနေတဲ့ BGF ထိပ်သီးခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်စောချစ်သူ၊ ဗိုလ်မှူးချုပ်စောတင်ဝင်းတို့ ဦးဆောင် ပါဝင်ပါတယ်။
ကရင်အမျိုးသားတပ်မတော် KNAကို BGF တပ်ရင်းတွေအများစုက လိုက်ပါပြောင်းလဲဖွဲ့စည်းခဲ့ပေမယ့် BGF တပ်နယ် ၁ နဲ့ ဗိုလ်မှူးကြီးစောမုတ်သုန်ဦးစီးတဲ့ တပ်နယ် ၄ လက်အောက်ခံတပ်ရင်းတွေကတော့ KNA အဖြစ် မပြောင်းဘဲ စစ်တပ် လက်အောက်ခံအဖြစ် ဆက်ရှိနေခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-BGF

