သထုံ ၊ ဩဂုတ် ၂၁

မွန်ပြည်နယ် သထုံမြို့နယ်ရှိ တာယာစက်ရုံ(သထုံ) ပြန်လည်ပတ်နိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စစ်တပ် အသွင်းပြောင်း စစ်အစိုးရရဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ညွှန်ကြားလာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့က သထုံမြို့နယ်ရှိ အမှတ်(၂၁) အကြီးစားစက်ရုံ (တာယာစက်ရုံ – သထုံ)သို့ သွားရောက်စဉ် စစ်တပ် အသွင်းပြောင်း စစ်အစိုးရရဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ညွှန်ကြားလာတာ ဖြစ်ပါတယ်။

တာယာစက်ရုံ (သထုံ) ပြန်လည်လည်ပတ်နိုင်အောင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့နဲ့ ပြည်နယ်အတွင်းက ထွက်ရှိတဲ့ ရော်ဘာ ကုန်ကြမ်းတွေကို အခြေခံပြီး ပြည်တွင်းတာယာ ထုတ်လုပ်ဖို့ ညွှန်ကြားသွားပါတယ်။

လုပ်ငန်းရှင် တစ်ဦးကတော့ ပြည်တွင်း တာယာစက်ရုံ လည်ပတ်ဖို့အတွက် အရည်အသွေးမြင့် ရော်ဘာ ကုန်ကြမ်းတွေ လိုအပ်သလို အဆင့်မြင့် တာယာ ထုတ်လုပ်နဲ့ နည်းပညာတွေလည်း လိုအပ်ချက် ရှိတာကြောင့် အမြန်ဆုံး အကောင်အထည် ဖော်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

တာယာ စက်ရုံ (သထုံ) ဟာ သထုံ-ဘားအံကားလမ်းရှိ ကြာပန်း ကျေးရွာအနီးမှာ တည်ရှိပြီး Czech နည်းပညာနဲ့ တည်ထောင်ခဲ့ကာ ၁၉၈၅ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး ကျွတ်တပ်ဆင် အသုံးပြုရတဲ့ Bias Tyra တွေကို ထုတ်လုပ်ခဲ့တယ်လို့ စက်ရုံ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီနောက် ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် ဝန်းကျင်လောက်မှာ စက်ရုံ လည်ပတ်ဖို့ အခက်အခဲ ရှိတာ၊ ကုန်ကြမ်းနဲ့ တခြား လိုအပ်ချက် ရှိတာအပြင် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံတွေ ဘတ်ဂျက်အရ အရှုံးပြတဲ့ အတွက် စတင် လျှော့ချတဲ့ စက်ရုံတွေထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၅-၂၀၁၆ ခုနှစ်မှာတော့ စက်ကိရိယာတွေ ဟောင်းနွမ်းလာတာ၊ သဘာဝ ဓာတ်ငွေ့နဲ့ လျှပ်စစ် ဓာတ်အား လုံလောက်စွာ မရတာ၊ နည်းပညာနဲ့ အရည်အသွေးပိုင်းမှာ ပြည်ပက ဝင်ရောက်လာတဲ့ တာယာတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျ လာတာကြောင့် တာယာ ထုတ်လုပ်မှုကို လုံးဝနီးပါး ရပ်နားခဲ့တာ ဖြစ်ပါတယ်။

တာယာ စက်ရုံ (သထုံ) ကိုတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စက်ရုံ ပြန်လည်ပတ်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေကို အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းမှု PPP ပုံစံနဲ့ အဆိုပြုလွှာ ခေါ်ယူခဲ့ပေမယ့် ပြန်လည် လည်ပတ်နိုင်တာ မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.