ဘန်ကောက် ၊ ဩဂုတ် ၂၁

အာဏာသိမ်း စစ်တပ်ရဲ့ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနဲ့ လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

၉ ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဩဂုတ် ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံခဲ့မှုတွေအတွင်း နှစ်နိုင်ငံအကြား သဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ရေး အပါအဝင် တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနဲ့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ခိုင်မာစေရေး ဆက်လက်လုပ်ဆောင်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။

နှစ်နိုင်ငံနယ်စပ်ဒေသတွေမှာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင် ကုန်စည်စီးဆင်းမှုတွေနဲ့ အကြမ်းဖက်မှုတွေ တိုက်ဖျက်ရေး၊ သတင်းအချက်အလက်တွေ ဖလှယ်ရေးတို့မှာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် နယ်စပ်ကုန်သွယ်မှုတွေ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်ရေးဟာ မရှိမဖြစ် လိုအပ်တာကြောင့် နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းပြီး ထိန်းသိမ်းလုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။

တစ်ဘက်မှာ နယ်စပ်ဒေသအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေကို လုပ်ဆောင်နေတဲ့ ကျောက်ခက်နဲ့ ရွှေကုက္ကိုလ်မှာရှိတဲ့ အဆောက်အအုံတွေကို မြန်မာနိုင်ငံဘက်က ဖြိုချဖျက်ဆီးနေမှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေကို တိုက်ဖျက်နေတဲ့ အခြေအနေတွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို တားဆီးနှိမ်နင်းနေပြီး နယ်စပ်ဖြတ်ကျော် မှုခင်းဆိုင်ရာကိစ္စရပ်တွေနဲ့ လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ထိုင်းကာကွယ်ရေးဦးစီးချုပ်ကို ပြောကြားခဲ့တာပါ။

ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဩဂုတ်ပထမပတ်တုန်းက ထိုင်းခရီးစဉ်အတွင်း နယ်စပ်က လက်နက်ခဲယမ်းလမ်းကြောင်းတွေကို ဖြတ်တောက်ပေးဖို့ ထိုင်းဝန်ကြီးချုပ် အနုတင်ကို တောင်းဆိုခဲ့မှုအပေါ် အခုခါမှာ တပ်ချုပ်က ပြန်လည်ပြောဆိုလာတာ ဖြစ်ပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ဒေသတွင်းရှိ မြန်မာနိုင်ငံ တောင်ပိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေအပေါ် အကြီးမားဆုံး သက်ရောက်မှုဖြစ်လာအောင် ကြိုးစားတာလို့ သုံးသပ်ပါတယ်။

“တော်လှန်ရေးအင်အားစုတွေကို အင်အားယုတ်လျော့ကျဆင်းသွားအောင်လို့ နည်းပေါင်းစုံနဲ့ လုပ်နေတာ။ ဒါကြောင့်မို့လို့ ဒီဘေးနိုင်ငံတွေနဲ့ ခေါင်းစဉ်အမျိုးမျိုး ဆက်သွယ်ပြီးတော့ လက်နက်ခဲယမ်းစီးဆင်းရေးကို ဖြတ်တောက်ချင်တာက အကြီးမားဆုံး သက်ရောက်မှု ဖြစ်လာအောင် ကြိုးစားတဲ့ သဘောလို့ မြင်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဒီဟာကို သတိရှိရှိနဲ့ အတတ်နိုင်ဆုံး ပြန်ပြီး တုံ့ပြန်ရမယ်၊ လမ်းကြောင်းအသစ်တွေ ရှာထားရမယ်။ (စစ်အစိုးရအပေါ်) နိုင်ငံတကာဖိအားကိုလည်း ပုံစံမျိုးစုံနဲ့ ကျင့်သုံးရမှာပါပဲ”လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဒေသတွေမှာ အခြေစိုက်လှုပ်ရှားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အာလုံးနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ ထိုင်းအစိုးရရဲ့ မူဝါဒကြောင့် မတူညီတဲ့ အမြင်တွေရှိနေကြတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်နေမှု အပါအဝင် စစ်တပ်အနေနဲ့ အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို အစိုးရရဲ့ ဦးဆောင်မှုနဲ့ ကာကွယ်စောင့်ရှောက်နေတဲ့ အခြေအနေတွေကို ထိုင်းခရီးစဉ်အတွင်း အသိပေးပြောဆိုထားတာပါ။

ဒါ့အပြင် တပ်မတော်နှစ်ရပ်ကြား လေ့ကျင့်ရေးဆိုင်ရာတွေ သင်တန်းသားတွေ အားကစားအဖွဲ့တွေ ယဉ်ကျေးမှုအဖွဲ့တွေ အပြန်အလှန် စေလွှတ်ရေးနဲ့ အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန် လည်ပတ်ရေးနဲ့ ပူးပေါင်းမှုတွေ တိုးတက်ခိုင်မာစေရေး ဆက်လက်ကြိုးပမ်းသွားဖို့ကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

ထိုင်းကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံမှုမှာလည်း အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေ လုပ်ဆောင်နေသူတွေနဲ့ ပါဝင်ပတ်သက်နေသူတွေကို အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာကအဖွဲအစည်းတွေနဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ် အရေးယူမှုတွေ လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေကို ပြောဆိုခဲ့ကြပါတယ်။

နယ်စပ်ဖြတ်ကျော် တောမီးလောင်ကျွမ်းမှုနဲ့ မီးခိုးမြူငွေ့တားဆီးကာကွယ်ရေးဆိုင်ရာနဲ့ပတ်သက်ပြီး မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံသဘောတူထားတဲ့ မီးခိုးမြူငွေ့ကင်းစင်တဲ့ ကောင်းကင်ဖြစ်စေရေး ပူးတွဲလုပ်ငန်းစီမံချက်နဲ့ ရေအရည်အသွေး ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.