မော်လမြိုင် ၊ ဩဂုတ် ၄

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ်က ကျားဖြန့်လုပ်ငန်းတွေကနေ သိမ်းဆည်းထားတဲ့ လူအသုံးအဆောင် ပစ္စည်းတွေကို အနိမ့်ဈေးနဲ့ ပြန်ရောင်းစားနေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အခုနှစ်ဆန်းပိုင်းကစလို့ ကျားဖြန့်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုနယ်မြေနဲ့ KK Park နယ်မြေတို့က ကျားဖြန့်အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ကျားဖြန့်အဆောက်အအုံတွေ မဖြိုချမီ အဲဒီအဆောက်အအုံအတွင်းရှိ စားပွဲခုံ၊ ထိုင်ခုံတွေ၊ အဲကွန်းတွေ၊ ရေခဲသေတ္တာတွေအပါအဝင် တခြားတန်းဖိုရှိတဲ့ လူအသုံးအဆောင် ပစ္စည်းတွေကို သိမ်းယူခဲ့ပါတယ်။

သိမ်းဆည်းထားတဲ့ လူအသုံးအဆောင် ပစ္စည်းတွေကိုတော့ ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး သိန်းရာဖြတ်နဲ့ ပြန်လည်ရောင်းစားနေပြီး မွန်ပြည်နယ်မှာ ဈေးကွက်တစ်ခုလို ဖြစ်လာတယ်လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင် နှစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ကျားဖြန့် လုပ်ငန်းတွေကို ဖမ်းဆီးတဲ့နေရာမှာ အဓိက အင်တာနက် အသုံးပြုနိုင်တဲ့ Star Link တွေ၊ ကွန်ပျူတာတွေနဲ့ ဖုန်းတွေကိုသာ သိမ်းဆည်းကြောင်း ဖော်ပြလေ့ရှိပြီး တခြား အသုံးအဆောင်တွေကို ဖော်ပြလေ့ မရှိပါဘူး။

ရောင်းစားမှုကနေ ရရှိလာတဲ့ ငွေကြေးတွေကိုတော့ အာဏာသိမ်း စစ်တပ်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင် အဆင့်ဆင့် ပြန်လည်ခွဲဝေယူနေကြတာ ဖြစ်ပါတယ်။

ကျားဖြန့်အဆောက်အအုံ ဖြိုချမှုကို မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းဌာနချုပ်တွေကနေ အဓိက တာဝန်ယူပြီး လုပ်ဆောင်နေပါတယ်။

စစ်တပ် အသွင်ပြောင်း အစိုးရကတော့ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၇၇ လုံးကို ရာနှုန်းပြည့် ဖြိုချဖျက်ဆီးလိုက်ပြီလို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာကနေ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.