မော်လမြိုင်၊ သြဂုတ် ၄
မြန်မာပြည်အရှေ့တောင်ပိုင်းမှာ အခုနှစ်ဝက်အတွင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေ ပိုမိုဆိုးရွားလာနေပြီး ရွာသားတွေရဲ့ ထွက်ပြေးတိမ်းရှောင်နေရမှုတွေလည်း ပိုပြီးများပြားလာနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။
“ဓာတ်ပုံသတင်း-မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းတွင်း ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ” ခေါင်းစဉ်နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ဩဂုတ် ၃ ရက်နေ့ထုတ် အစီရင်ခံစာမှာ ထည့်သွင်းပြောဆိုထားပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ မြန်မာစစ်တပ်က မြန်မာပြည်အရှေ့တောင်ပိုင်းမှာ အဓိကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ ဓာတ်ပုံအထောက်အထားတွေကို ဖော်ပြထားပြီး အစီရင်ခံစာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုရဲ့ သက်ရောက်မှုတွေကို ဖော်ပြထားတဲ့ ဓာတ်ပုံပေါင်း ၁၇၀၁ ပုံကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဓာတ်ပုံတွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြုပ်မိုင်း၊ တွေ့လျှင်ပစ်စနစ်၊ အဓမ္မဖမ်းဆီးမှုနဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေ ပါဝင်တယ်လို့ KHRG က ဆိုထားပါတယ်။
မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ ၂၀၂၆ ခုနှစ် ဒုတိယနဲ့ တတိယအကြိမ်ကျင်းပတဲ့ ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်တင်မြှောက်ခြင်းမရှိတဲ့ ရွေးကောက်ပွဲနဲ့အတူ ၂၀၂၆ ခုနှစ် ဇန်နဝါရီလနဲ့ ဇွန်လအထိ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုမှာ ပိုမိုဆိုးရွာလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
KHRG ရဲ့ သတင်းမှတ်တမ်းပြုစုမှုမှာ မြန်မာပြည်အရှေ့တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ ပိုမိုများပြားလာကြောင်း ဖော်ပြထားပြီး ဒဏ်ရာရတာ၊ သေဆုံးတာ၊ နေအိမ်တွေ စိုက်ပျိုးရေးစိုက်ခင်းတွေ၊ လူမှုအသိုက်အဝိုင်းအဆောက်အအုံတွေ ဖျက်ဆီးခံရတာနဲ့ ရွာသားတွေရဲ့ ထွက်ပြေးတိမ်းရှောင်နေရမှုတွေမှာလည်း ပိုများပြားလာတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလကနေ ဇွန်လအတွင်း ကလေး ၂၂ ဦး သေဆုံးသွားခဲ့ပြီး ကလေးအနည်းဆုံး ၂၅ ဦး ဒဏ်ရာရရှိခဲ့သလို သက်ကြီးရွယ်အိုတွေထဲက ၄၄ ဦး သေဆုံးသွားခဲ့ကာ ၁၀၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် စာသင်ကျောင်း ၈ လုံး၊ ဘုန်းကြီးကျောင်း ၁၀ လုံး၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၅ လုံးနဲ့ အခြားနေအိမ် မြောက်များစွာထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KHRG က ဆိုပါတယ်။
၂၀၂၆ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ မြေပြင်စစ်သားတွေက နေရာဒေသအများအပြားဆီ ဝင်ရောက်မှုတွေ တိုးများလာတဲ့အတွက် ဒေသခံရွာသားတွေဟာ ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာ၊ နှိပ်စက်ခံရတာ၊ ပေါ်တာဖမ်းခံရတာ၊ လမ်းပြဖြစ်စေတာ၊ အဓမ္မစစ်သားစုဆောင်းခံရတာနဲ့ အဓမ္မပျောက်ဆုံးစေတာတို့မှာ ပိုမိုများပြားလာခဲ့တယ်လို့ KHRG က ဖော်ပြပါတယ်။
မြန်မာစစ်တပ်က ကျူးလွန်တဲ့ ဒီလိုလူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေဟာ ဒေသခံရွာသားတွေကို အမြဲတစေ အကြောက်တရားအောက်မှာရှိစေပြီး နေရပ်ရွှေ့ပြောင်းတိမ်းရှောင်နေရခြင်းကြောင့် မလုံခြုံမှုအပြင် အရေးကြီးလိုအပ်တဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းတို့ကို လက်လှမ်းမီနိုင်ဖို့ အကန့်အသတ်ရှိမှုတို့နဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG

