နေပြည်တော် ၊ ဩဂုတ် ၄
အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရက အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ဩဂုတ် ၃ ရက်နေ့ မနက်ပိုင်းမှာ လာရောက် တွေ့ဆုံခဲ့တယ်လို့ စစ်အစိုးရက ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ဌာနေ ကိုယ်စားလှယ်တို့ တွေ့ဆုံမှုအပါအဝင် အခန်းတစ်ခုအတွင်း အင်္ဂလိပ်ရက်စွဲနဲ့ Happy Birthday Aunty Suu ဆိုတဲ့ စာတန်းရေးထိုးထားတဲ့ မွေးနေ့ကိတ်မုန့်ကို ခွဲနေတဲ့ ဓာတ်ပုံတွေလည်း တွေ့ရပါတယ်။
ဒါဟာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တွေ့ဆုံခွင့်ပေးဖို့ ဝိုင်းဝန်းတောင်းဆိုနေချိန်မှာ စစ်အစိုးရက ICRC ဌာနေ ကိုယ်စားလှယ်နဲ့ ပေးတွေ့ခဲ့တာ ဖြစ်ပါတယ်။
တစ်ဘက်မှာ စစ်အစိုးရက အာဆီယံကနေတဆင့် ကုလသမဂ္ဂမှာ ပြန်လည်ဝင်ဆံ့ဖို့ နိုင်ငံရေးအရ တရားဝင်မှုရဖို့ ကြိုးပမ်းနေချိန်ဖြစ်သလို လာမယ့်ရက်ပိုင်းအတွင်း အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးစဉ်လည်း ရှိနေပြန်ပါတယ်။
ဒီအခြေအနေဟာ အချိန်ကိုက်လုပ်ဆောင်လာတာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဓားစာခံအဖြစ် အသုံးချပြီး နိုင်ငံတကာသံတမန်ဆက်ဆံရေးကို ပိုမို အသုံးချလာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က စစ်အုပ်စုအနေနဲ့ အာဆီယံမှာ ပြန်လည်ဝင်ဆံ့နိုင်ဖို့နဲ့ နိုင်ငံရေးအရ သဘောထားပျော့ပြောင်းလာတဲ့ သဘောမျိုးဖြစ်အောင် လုပ်နေတာလို့ သုံးသပ်ပါတယ်။
“သံတမန်မျိုးစုံက အခုလောက်ဆိုရင် တွေ့ခွင့် တန်းစီပြီးတော့ တောင်းကြမှာပေါ့ဗျာ။ အဲဒီအပေါ်မှာတော့ မြန်မာနိုင်ငံရေး တိုးတက်လာပြီ စစ်အာဏာရှင်တွေ မင်းအောင်လှိုင် အစိုးရ သဘောထားပျော့ပြောင်းလာပြီလို့တော့ မယူဆသင့်ပါဘူး။ဒါပေမယ့် အဲဒီလိုမျိုး ဖြစ်အောင်ပဲ လုပ်တော့မှာ။ အထူးသဖြင့် အာဆီယံထဲမှာ စစ်အုပ်စုက သူတို့ လူရာပြန်ဝင်ဖို့ပေါ့။ တကယ်တမ်းတော့ သူတို့ သဘောထားပြောင်းလာပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ဆံမှုလည်း ပေးတွေ့ပါ့မယ်။ အဲဒီလိုတွေတော့ ဆက်တိုက်ဖြစ်လာဖို့ များပါတယ်။ ဒါပေမယ့် ဒီအပေါ်မှာ နိုင်ငံရေးအရ တိုးတက်လာတယ် စစ်တပ်က သဘောထားပြောင်းလာတယ်လို့တော့ ကောက်ချက်မချသင့်ပါဘူး”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေကို သံတမန်ရေးအရ စစ်အစိုးရက အသုံးချနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကစားကွက် တစ်ခုတည်းမဟုတ်ဘဲ သန်းနဲ့ချီတဲ့ ပြည်သူလူထုရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေအပေါ် ပြုမှုဆောင်ရွက်မှုတွေကို တိုင်းတာသင့်တယ်လို့ ဦးတိုးဇော်လတ်က ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ နှစ်ရှည်ထောင်ဒဏ်ကနေ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ကာ သတ်မှတ်ထားတဲ့ နေအိမ်မှာ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေ ကျခံစေဖို့ ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိကြောင်း သက်သေပြဖို့ သားဖြစ်သူ ကိုထိန်လင်းရဲ့ ဦးဆောင်မှုနဲ့ ဒီမိုကရေစီအင်အားစုတွေ ဆက်တိုက် တောင်းဆိုနေကြချိန်မှာ စစ်အစိုးရက နိုင်ငံပိုင်ရုပ်သံကနေ ဓာတ်ပုံမှတ်တမ်းနဲ့အတူ သတင်းထုတ်ပြန်ခဲ့တာပါ။
အခုတခါက စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ဌာနေ ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးမှုအပေါ် ICRC ဘက်က အတည်ပြုပါတယ်။
လွတ်လပ်ခွင့်ဆုံးရှုံးနေသူတွေထံ သွားရောက်တွေ့ဆုံလည်ပတ်ခြင်းဆိုင်ရာ ICRC ရဲ့ စံနှုန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်စကားပြောဆိုနိုင်ခွင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် မိသားစုတွေနဲ့ မိသားစုသတင်းစကားတွေ ပေးပို့ဖလှယ်နိုင်မယ့် အခွင့်အလမ်းလည်း ပါဝင်ပြီး တွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့သာ အတွင်းရေးကိစ္စအဖြစ် ထိန်းသိမ်းမျှဝေသွားမယ်လို့ ICRC က အသိပေးထားတာပါ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးတာဟာ ပြည်တွင်းပြည်ပနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာတဲ့ အောင်မြင်မှု တစိတ်တပိုင်းလို့ ထုတ်ပြန်ပါတယ်။
ဒါပေမယ့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကိုသာ ရွေးချယ်ပြီး တွေ့ဆုံခွင့်ပေးတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေတယ်လို့ ထောက်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ လွှတ်ပေးရမယ့်အပြင် နိုင်ငံကို ပြန်လည် ဦးဆောင်ဖို့ သူမရဲ့ အခန်းကဏ္ဍကို တရားဝင် အသိမှတ်ပြုရမှာဖြစ်သလို အခြား ကိုယ်စားလှယ်တွေနဲ့လည်း ပေးတွေ့ရမယ်လို့ AAPP က ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုမျိုး ICRC နဲ့ တွေ့ခွင့်ပေးရုံတင်မက တခြားသော အာဆီယံကိုယ်စားလှယ်တွေ ကုလသမဂ္ဂက ကိုယ်စားလှယ်တွေ နိုင်ငံတကာခေါင်းဆောင်တွေ ဒါတွေနဲ့ ပေးတွေ့ပြီးတော့ သူ့ရဲ့ မူလနေရာအတိုင်း ပြန်ပြီးတော့ ထားရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် ကျွန်တော်တို့ နိုင်ငံတွေရဲ့ ပြဿနာတွေက ပြေလည်သွားမှာ ဖြစ်ပါတယ်”လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၊ ဦးအောင်မျိုးကျော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်အတွင်း ထုတ်ပြန်ခဲ့တဲ့ ပဋိပက္ခစောင့်ကြည့်ရေး လက်နက်ကိုင်ပဋိပက္ခ တည်နေရာနဲ့ အခင်းအကျင်းဆိုင်ရာ အချက်အလက်အဖွဲ့ ACLED ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခနဲ့ ဆက်စပ်တဲ့ သေဆုံးသူ တစ်သိန်းကျော်ရှိနေတာပါ။
ဒါ့အပြင် AAPP ရဲ့ စာရင်းတွေအရ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ နိုင်ငံရေးအကျဉ်းသား ၁၄၆၀၀ ကျော် ဆက်ရှိနေသလို အရပ်သားနေအိမ်အလုံးပေါင်း ၁၂၅၀၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ကနေ သိရပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲမဲမသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်တပ်က အပိုင်းလိုက်ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအုပ်ချုပ်တဲ့ အစိုးရအဖြစ် သုံးလကျော် ဖွဲ့စည်းခဲ့ပြီးဖြစ်ပေမယ့် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုမှုကို မရရှိသေးပါဘူး။
အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းတဲ့နေရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်စွဲကိုင်ထားပြီး ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ မတွေ့ရတဲ့အတွက် ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ကို စစ်အစိုးရက ခေါင်းဆောင်တွေကို ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
တစ်ဘက်မှာတော့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီမှုမဟုတ်ဘဲ အာဆီယံအလှည့်ကျဥက္ကဌရဲ့ ထုတ်ပြန်ချက် နောက်ဆက်တွဲအဖြစ်သာ ထုတ်ပြန်တာလို့ ဦးမင်းအောင်လှိုင်က ထုတ်ပြောထားတာပါ။
အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေကို နိုင်ငံတော်က လိုအပ်တဲ့ တုံ့ပြန်မှုတွေ Case By Case တုံ့ပြန်သွားမယ်လို့ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောကြားခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

