မော်လမြိုင်၊ သြဂုတ် ၃

မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ရိုးတန်း ချစ်သူလမ်းကြားမှာ ဆိုင်ကယ်တက္ကစီသမား တစ်ဦးကို သတ်ဖြတ်ပြီး ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့တဲ့သူ သုံးဦးကို ဖမ်းဆီးရမိထားပြီလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လူသတ်မှု ကျူးလွန်သူ သုံးဦးဟာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က အသက် ၂၀ အရွယ် တိုးချစ်လင်း၊ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်နဲ့ ကြံခင်းမြို့နယ်က အသက် ၁၉ နှစ်အရွယ် ဖြိုးဝေကျော်နဲ့ လရောင်ခန့်တို ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ သုံးဦးကိုတော့ ကရင်ပြည်နည် မြဝတီမြို့နယ်၊ မွန်ပြည်နယ် ဇင်းကျိုက်မြို့၊ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်တို့မှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ရဲမှတ်တမ်းအရ သူတို့ သုံးဦးဟာ KTV သွားရန် ပိုက်ဆံလိုအပ်တာကြောင့် လူသတ်ပြီး ဆိုင်ကယ်လုယူမှု ကျူးလွန်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။

ဆိုင်ကယ်လုပြီး လူသတ်မှု ကျုးလွန်ခဲ့သူ သုံးဦးဟာ မော်လမြိုင်မြို့က စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ကိုင်သူတွေ ဖြစ်ပြီး လုယက်သွားတဲ့ ဆိုင်ကယ်ကိုတော့ ငွေကျပ် ၁,၄၇၀,၀၀၀ နဲ့ ရောင်းချပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားတာပါ။

အသတ်ခံလိုက်ရတဲ့ တက္ကဆီသမားဟာ မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဆိုင်ကယ်အဌား ယာဉ်မောင်း ဦးအောင်ဟိန်း ဖြစ်ပါတယ်။

ဆိုင်ကယ် တက္ကဆီသမား ဦးအောင်ဟိန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ ဆိုင်ကယ် ဌားစီးသွားပြီး အခင်းဖြစ်ပွားရာ နေရာမှာ ဆိုင်ကယ်လုပြီး လူသတ်လိုက်တာလို့ ကျူးလွန်သူ သုံးဦး ဝန်ခံထွက်ဆိုထားတယ်လို့ ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရပါတယ်။

ဆိုင်ကယ်လု လူသတ်မှု ကျုးလွန်သူ သုံးဦးကိုတော့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားပြီး ပြစ်မှုထင်းရှာလျှင် အနည်းဆုံး ထောင်ဒဏ်အနှစ် နှစ်ဆယ်ကနေ သေဒဏ်အထိ ချမှတ်ခံရနိုင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.