မြဝတီ၊ ဇူလိုင် ၂၅
ကရင်ပြည်နယ် မြဝတီမြို့နယ် DKBA ထိန်းချုပ်နယ်မြေ ကျောက်ခက်ဒေသထဲက ကျားဖြန့်လုပ်သား အများအပြားဟာ နယ်မြေလုံခြုံရေးအခြေအနေကြောင့်ဆိုပြီး တခြားနေရာတွေဘက်ကို ရွှေ့ပြောင်းနေကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်စိုင်းကျော်လှ ထိန်းချုပ်ထားတဲ့ မြဝတီမြို့တောင်ဘက် ကျောက်ခက်ဒေသအတွင်းမှာ ကျားဖြန့်ဆိုက်တွေ အမြောက်အများရှိနေပြီး ဒီကျားဖြန့်ဆိုက်ထဲမှာရှိနေကြသူတွေအားလုံး ထွက်ခွာသွားဖို့ DKBA က အမိန့်ထုတ်ပြန်ထားတာပါ။
ကျောက်ခက်ဒေသအတွင်း စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့်လို့ဆိုပြီး DKBA တပ်က ကျားဖြန့်ဆိုက်ထဲမှာရှိတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေကို ကျောက်ခက်ဒေသတောင်ဘက်ခြမ်း DKBA ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်ဒေသထဲကို ရွှေ့ပြောင်းပေးနေကြတာလို့ သိရပါတယ်။
စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ကျားဖြန့်တွေကို ရွှေ့ပြောင်းခိုင်းတာဖြစ်ပြီး အခြားအကြောင်းရင်းတွေကြောင့်လည်း ရွှေ့ပြောင်းခိုင်းတာ ရှိနိုင်သလို ကျောက်ခက်ဒေသအတွင်းမှာ ဒီရက်ပိုင်းအတောအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုထားပါတယ်။
ကျောက်ခက်ဒေသတွင်းက ကျားဖြန့်ဆိုက်တွေ နေရာရွှေ့ပြောင်းခိုင်းတာနဲ့ပတ်သက်ပြီး DKBA ဗဟိုက ဇူလိုင် ၂၄ ရက်နေ့အထိ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBAနဲ့ စစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ဟာ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြရာ DKBA အနေနဲ့ ကျားဖြန့်နဲ့ မပတ်သက်ဖို့ သတိပေးထားတာပါ။
ဒီလို နှစ်ဖက်တွေ့ဆုံမှုအပြီး ၂ ပတ်ကျော်အတွင်းမှာပဲ DKBA ထိန်းချုပ်ရာနယ်မြေ ကျောက်ခက်ဒေသမှာရှိတဲ့ တရုတ်ကျားဖြန့်ဆိုက်တွေကို DKBA က ရွှေ့ပြောင်းတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ကျောက်ခက်ဒေသနဲ့ သိပ်မဝေးလှတဲ့ မြဝတီမြို့တောင်ဘက် ဖလူးနဲ့ မင်းလက်ပံနယ်မြေအတွင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုတို့အကြား ဇူလိုင် ၂၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Reporter

