နေပြည်တော် ၊ ဇူလိုင် ၂၅
မြန်မာနိုင်ငံအနေနဲ့ မိမိနိုင်ငံရဲ့ ပကတိအခြေအနေတွေအပေါ် မူတည်ပြီး အာဆီယံနဲ့ အဖြစ်နိုင်ဆုံး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
အာဆီယံ ထိပ်သီးအစည်းဝေးတွေမှာ မြန်မာခေါင်းဆောင်တွေ ပြန်လည်တက်ရောက်နိုင်ရေးဟာ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက ပြောဆိုမှုအပြီး ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး စစ်အစိုးရက တုံ့ပြန်လာတာပါ။
မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမှာဖြစ်ပြီး အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို အလေးထားကာ အာဆီယံနဲ့ အပြုသဘောဆောင် ပူးပေါင်းမှုတွေ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းမှာ ပြဋ္ဌာန်းထားတဲ့ အခြေခံမူတွေဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားရေး၊ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်း မပြုရေးတို့ကို လိုက်နာသင့်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက စစ်အစိုးရအနေနဲ့ ဒေသတွင်းမှာ အာဆီယံနဲ့ ထိတွေ့ဆက်ဆံနိုင်မှ အဆင်ပြေနိုင်မယ့် အလားလာရှိတာကြောင့် အာဆီယံတောင်းဆိုချက်တွေကို လိုက်လျောနိုင်ဖို့ ကြိုးစားနေတာလို့ သုံးသပ်ပါတယ်။
“တက်လာဖို့ အလှမ်းဝေးတယ်ဆိုတာက ဒီမူ ၅ ချက်ကို အခုချိန်ထိ စစ်အစိုးရ စစ်ကောင်စီ ဦးမင်းအောင်လှိုင်က အခုချိန်အထိ အကောင်အထည်မဖော်နိုင်ဘူးဆိုတဲ့ဟာကိုလည်း သူတို့ (အာဆီယံအလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံ) သိထားတယ်။ ဒါပေမယ့်လည်း လက်ရှိမှာက ဒေသတွင်းကျတော့ စစ်ခေါင်းဆောင်က အာဆီယံနဲ့ ထိစပ်မှ ကျန်တဲ့ဟာတွေက အဆင်ပြေနိုင်မယ့် အလားအလာတွေ ရှိတယ်။ အဲဒါကြောင့်မို့ သူက အာဆီယံက တောင်းဆိုတဲ့ဟာတွေကို လိုက်လျောဖို့ အတွက်တော့ သူ ကြိုးစားနေတယ်။ ဒါပေမယ့် အခုချိန်ထိတော့ သူက အာဆီယံက တောင်းဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ကတော့ အခုချိန်ထိတော့ မပေးသေးဘူး။ ဒါပေမယ့် သူတော့ ကြိုးစားနေတယ်”လို့ ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာ့အရေး ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အဓိက မူဘောင်အဖြစ် ဆက်လက်တည်ရှိနေတဲ့အပေါ် မြန်မာက လိုက်နာဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ရှိနေသေးကြောင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဇူလိုင် ၂၃ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားတာပါ။
ဘုံသဘောတူညီချက် ၅ ရပ်ကို ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးအပြီး အာဆီယံအလှည့်ကျ ဥက္ကဌရဲ့ ထုတ်ပြန်ချက် နောက်ဆက်တွဲအဖြစ် ထုတ်ပြန်ခဲ့တာလို့ စစ်အစိုးရက ဆိုပါတယ်။
ဒါဟာ အာဆီယံလုပ်ထုံးလုပ်နည်းတွေနဲ့ သွေဖယ်ပြီး အဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် အဓိကသက်ဆိုင်တဲ့ မြန်မာနိုင်ငံကို မူကြမ်းချပြ အသိပေး ညှိနှိုင်းမှုမရှိဘဲ ထုတ်ပြန်ခဲ့တာဖြစ်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တူညီဆန္ဒ မဟုတ်ဘူးလို့ တုံ့ပြန်ထားတာပါ။
ဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံရဲ့ အခြေခံမူတွေနဲ့ ကွဲလွဲနေတဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် လိုအပ်သလို သုံးသပ်ပေးဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စုလွှတ်တော်က ဇူလိုင် ၉ ရက်နေ့မှာ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။
ဒီအပေါ် အစိုးရအနေနဲ့ အဲဒီဆုံးဖြတ်ချက်နဲ့အညီ သင့်လျော်တဲ့ လုပ်ဆောင်ချက်တွေ အကောင်အထည်ဖော်ဖို့ တာဝန်ရှိပြီး အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် လုပ်ဆောင်သွားမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးမှာ ဦးတင်မောင်ဆွေက ပြောကြားထားတာပါ။
ဒါ့အပြင် အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို အလေးထားပြီး မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်နည်းလမ်းနဲ့ အာဆီယံနဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်လည်တိုးတက်စေရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
ဇူလိုင် ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးမှာ အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာပါ။
ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ စတင်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။
ဒါဟာ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံထိပ်သီးအစည်းအဝေးကနေ ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့ပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ခြင်း မရှိခဲ့တာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ကို ဒီကနေ့အထိ ပိတ်ပင်ခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Asean

