ဖာပွန်၊ ဇူလိုင် ၂၅
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ အင်အားထောင်ချီနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း အထိနာနေပြီး ရှေ့တိုးလို့မရတာကြောင့် ကျေးရွာတွေအပေါ် လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်နဲ့ ကရင်အရပ်ဖက်အဖွဲ့ထံကနေ သိရှိရပါတယ်။
ဖာပွန်-ကမမောင်း ကားလမ်းပိုင်းတစ်လျှောက်ကို ပြန်ပြီးထိန်းချုပ်နိုင်ရေးနဲ့ ဖာပွန်ဗျူဟာကို စစ်ကူပေးနိုင်ရေးအတွက် စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလကစပြီး အင်အား ၂၀၀၀ ကျော်နဲ့ ကရင်ပြည်နယ် ကမမောင်းမြို့ကနေ စစ်ကြောင်းထိုးလာခဲ့ရာ အခုအခါမှာတော့ ကတိုင်တိအထက်ဘက်နား ဖာလုံလေးရွာမှာ ရောက်ရှိနေပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို KNLA တပ်မဟာ ၅ နဲ့ တော်လှန်ရေးအင်အားစုတို့က ကြားဖြတ်တိုက်ခိုက်တဲ့အတွက် အထိနာနေပြီး ဖာလုံလေးရွာအနီးအနားမှာ ရှိနေကာ ရှေ့တိုးလို့မရဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်တပ်က အင်အားထပ်ဖြည့်ဖို့ ကမမောင်းဗျူဟာကနေ ကား ၂ စီးနဲ့ တပ်သားသစ်တွေ ထပ်မံပို့ဆောင်ခဲ့တဲ့အပြင် ရိက္ခာပစ္စည်းတွေ ပို့ဆောင်နိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
ဖာပွန်ဗျူဟာကို စစ်ကူပေးပို့ဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ KNLA တပ်မဟာ ၅ တော်လှန်ရေးအင်အားစုတို့ရဲ့ တိုက်ခိုက်မှုကြောင့် အရာရှိအဆင့်တွေအပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့ပြီး အထိနာနေတာကြောင့် ကားလမ်းတစ်လျှောက်က ရွာတွေအပေါ် လေယာဉ်ဗုံးကြဲတာတွေ အပြင်းအထန် လုပ်ဆောင်နေတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
ကရင်အရပ်ဖက်အဖွဲ့ KPSN ရဲ့ ထုတ်ပြန်ထားချက်အရ စစ်တပ်က ဖာပွန်ခရိုင်အတွင်းက ကျေးရွာ ၂ ခုအပေါ် ဂျက်တိုက်လေယာဉ်နဲ့ ဗုံးအဆက်မပြတ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃၀ နီးပါးနဲ့ စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
KNLA တပ်မဟာ ၅ တော်လှန်ရေးအင်အားစုတွေ ဝန်းရံပိတ်ဆို့နေတဲ့ ဖာပွန်ဗျူဟာမှာလည်း နှစ်ဖက်တိုက်ပွဲဆက်ဖြစ်နေပြီး ဗျူဟာမကျရေးအတွက် စစ်တပ်က လေကြောင်းပစ်ကူ အမြဲအသုံးပြုတိုက်ခိုက်နေပြီး ရိက္ခာပစ္စည်းတွေကို လေယာဉ်နဲ့ ချပေးနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

