ကျိုက်ထို၊ ဇူလိုင် ၂၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ “ထက်” စက်သုံးဆီအရောင်းဆိုင်ကို စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့က လာပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ထက်” စက်သုံးဆီဆိုင်ကို ပြီးခဲ့တဲ့ ဇူလိုင် တတိယအပတ်အတွင်း ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်တပ်ပူးပေါင်းအဖွဲ့တွေ ရောက်ရှိလာပြီးနောက် ဆိုင်ပိတ်ကြောင်း စာကပ်သွားတာ ဖြစ်ပါတယ်။
“ထက်” စက်သုံးဆီဆိုင်ကို စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ပိတ်လိုက်တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ “ထက်” စက်သုံးဆီဆိုင်ဟာ လိုင်စင်မရှိတဲ့ မော်တော်ယာဉ်တွေအပြင် စက်သုံးဆီတွေကို ပုံးတွေနဲ့လည်း ရောင်းချပေးတာကြောင့် ဆိုင်ပိတ်ခံရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“ထက်” စက်သုံးဆီဆိုင် လာပိတ်စဉ် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဆိုင်မှာ ဆီဖြည့်နေတဲ့ ပြည်သူတွေကိုပါ တစ်ခါတည်း မောင်းထုတ်ပြီး ဆိုင်ပိတ်သွားတာလို့ ဆိုပါတယ်။
သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုအရ “ထက်” စက်သုံးဆီဆိုင် ပိုင်ရှင်ကိုလည်း စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့က ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ကလည်း မွန်ပြည်နယ်မှာ စက်သုံးဆီ တင်းသွင်းသိုလှောင်ဖြန့်ဖြူးခွင့်ရရှိထားတဲ့ ရာဇာမင်း ကုမ္ပဏီပိုင်ရှင် ဦးညီညီထွေးကို စက်သုံးဆီ မှောင်ခိုရောင်းချမှုနဲ့ မော်လမြိုင်မြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

