ရေဖြူမှာ တပ်ချိန်းသွားတဲ့ စစ်ယာဉ်တန်း တိုက်ခိုက်ခံရလို့ လေးဦး သေဆုံး

ရေဖြူ၊ ဇူလိုင် ၂၄

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးကျေးရွာမှာ တပ်ချိန်းဖို့ လာတဲ့ အင်အား ၅၀ ပါ စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဗိုလ်တစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ ည ၃ နာရီအချိန်ခန့်မှာ ဘုရားသုံးဆူရွာကနေ ရာဖူးကျေးရွာသို့ တပ်ချိန်းလာတဲ့ ကား သုံးစီးပါ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲပြီးနောက် ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ဗိုလ်တစ်ဦးအပါအဝင် လေးဦး သေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကားတစ်စီး ကျန်ရစ်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က မှတ်တမ်းဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အရပ်သားကားတွေ စီးနင်းပြီး အရပ်ဝတ်နဲ့လိုက်ပါလာတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ရေးဘီလူးအဖွဲ့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ပူးပေါင်းတပ်တို့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရေဖြူမြို့နယ် ရာဖူးကျေးရွာ နေအိမ်တွေမှာ အာဏာသိမ်း စစ်တပ်က ကာလရှည်တပ်စွဲထားတာ ဖြစ်ပြီး ပြည်သူတွေကိုလည်း မကြာခဏ ဆိုသလို စစ်ဆေးမေးမြန်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.