ပုလော၊ ဇူလိုင် ၂၃

တနင်္သာရီတိုင်း ပလမြို့အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေက တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းတွေကို အာဏာသိမ်း စစ်တပ် ဖောက်ထွင်းသယ်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကစလို့ ပလမြို့ ဇရပ်ဆိပ်ကျေးရွာနဲ့ မိုင်းပြင်ကျေးရွာတို့က စစ်ဘေးရှောင် နေအိမ်တွေရှိ အသုံးအဆောင်ပစ္စည်းတွေကို ဖောကားတွေနဲ့ ဖောက်ထွင်း သယ်ယူနေတာပါ။

အာဏာသိမ်း စစ်တပ်ဟာ အဲဒီကျေးရွာနှစ်ခုမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ဖောက်ကာ လူမနေတဲ့ နေအိမ်တွေက တန်းဖိုရှိ အသုံးအဆောင်ပစ္စည်းတွေကို ဖောကားတွေနဲ့ ပလမြို့ကို သယ်ယူသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ပလမြို့မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ နှစ်ဖက်စစ်ရေးအခြေအနေ ငြိမ်သက်နေတာကြောင့် ဒေသခံပြည်သူတချို့ နေရပ်ပြန်လည် နေထိုင်တာတွေ ရှိနေပါတယ်။

ဒါပေမယ့် ဇူလိုင်လ ဒုတိယအပတ်ကစလို့ ပလမြို့အနီးကို စစ်တပ်က အင်အားအများပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေချိန် နေအိမ်တွေက တန်ဖိုးရှိ အသုံးအဆောင် ပစ္စည်းတွေကို သိမ်းယူနေတာ ဖြစ်ပါတယ်။

အဲဒီပစ္စည်းတွေကို အာဏာသိမ်း စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက ပလမြို့ကို ကားတွေနဲ့ သယ်ဆောင်သွားပြီး အဲဒီကနေတဆင့် တချို့ပစ္စည်းတွေကို ရတဲ့ဈေးနဲ့ ရောင်းချကာ မျှဝေသုံးစွဲနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံကနေ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.