ဆာနာအာ၊ ဇူလိုင် ၂၃
အီရန်ကို အမေရိကန်က ၁၂ ညမြောက် ဆက်တိုက် တိုက်ခိုက်မှုတွေ ပြုလုပ်ထားချိန် ပင်လယ်နီကို ဖြတ်သန်းတဲ့ ဆော်ဒီ ရေနံတင် သင်္ဘော ၂ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ယီမင်နိုင်ငံရှိ ဟူသီ အဖွဲ့က ပြောဆိုလိုက်ပါတယ်။
ဇူလိုင် ၂၂ ရက် ညပိုင်းက အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး မိုင်းတွေထောင်ထားတဲ့ ဟောမု့ဇ် ရေလက်ကြားမှာ ပေါက်ကွဲမှု တစ်ခု အတွင်း ရေနံတင်သင်္ဘော တစ်စီး မီးလောင်ခဲ့တယ်လို့ အီရန် နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။
နောက်ဆုံးည တိုက်ခိုက်မှုတွေ မတိုင်ခင် ရေလက်ကြားထဲမှာ သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်ခဲ့မယ်ဆိုရင် အီရန်ရဲ့ တံတား တစ်စင်း ဒါမှမဟုတ် ဓာတ်အားပေး စက်ရုံတစ်ခုကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ခဲ့တာပါ။
ဟူသီ အဖွဲ့အနေနဲ့လည်း ပင်လယ်နီကို ပိတ်ဆို့ရင် သတိထားနေဖို့ ထရန့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဟူသီ အဖွဲ့ တိုက်ခိုက်မှုသာ အတည်ဖြစ်ခဲ့ရင် ဆော်ဒီအာရေးဗီးယားကို သူတို့အဖွဲ့က ရေကြောင်းပိတ်ဆို့ပြီး နောက်ပိုင်း အဲဒီ အီရန် ထောက်ပံ့ထားတဲ့ အဖွဲ့ရဲ့ ပထမဆုံး တိုက်ခိုက်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။
ရေနံတင်သင်္ဘော နှစ်စီး အမည်တွေဟာ Encelia နဲ့ Layla ဖြစ်ကြောင်း ဟူသီ အဖွဲ့က ဖော်ပြခဲ့ပေမယ့် သူတို့ လက်ချက်ဆိုတာကိုတော့ အတည်ပြုမထားပါဘူး။
ဟူသီ အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီက သူတို့ အဖွဲ့ရဲ့ ရေတပ် ပိတ်ဆို့မှုကို ချိုးဖောက်တဲ့အတွက် အဲဒီ ရေနံတင်သင်္ဘောတွေကို ဒရုန်းတွေ ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဟူသီ အဖွဲ့ အနေနဲ့ ရေတပ် စစ်ဆင်ရေးတွေ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပြီး လက်တုံ့ပြန်တဲ့ လုပ်ရပ်တွေလည်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဆာရီက ဖြည့်စွက် ပြောဆိုပါတယ်။
ဆော်ဒီနိုင်ငံပိုင် Saudi Press Agency က ပင်လယ်နီမှာ ခုတ်မောင်းနေချိန် Encelia သင်္ဘော တိုက်ခိုက်ခံရပြီး ဦးပိုင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၃ ရက် မနက်ပိုင်းမှာ အတည်ပြုထားပါတယ်။
ပို့ဆောင်ရေးဌာနက နာမည် ဖော်ပြမထားတဲ့ အရာရှိကို ကိုးကားပြီး အဲဒီ တိုက်ခိုက်မှုဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပြီး သင်္ဘောသားတွေ အားလုံး အန္တရာယ် ကင်းတယ်လို့ ဆိုပါတယ်။
ဗြိတိန် ရေကြောင်း ကုန်သွယ်ရေး (UKMTO) က ဆော်ဒီ အာရေးဗီးယားရှိ အယ်လ် ရှူကိတ် ဒေသက ကီလိုမီတာ ၁၃၀ အကွာမှာ ဆော်ဒီ ရေနံသင်္ဘော တစ်စီးကို အမျိုးအမည် မသိတဲ့ လက်နက်ကျည် တစ်ခု ထိမှန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဲဒီ တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်သေဆုံးမှု မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။
ဗြိတိန် ရေကြောင်း အန္တရာယ် စီမံခန့်ခွဲရေး အဖွဲ့ Vanguard ကလည်း ဆော်ဒီ ရေနံတင် သင်္ဘော Encelia တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောထားပေမယ့် Layla သင်္ဘော တိုက်ခိုက်ခံရမှုကိုတော့ အတည်မပြုထားပါဘူး။
အီရန်နဲ့ အမေရိကန်ကြား ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး နားလည်မှု တစ်ရပ် ရရှိခဲ့ပေမယ့် အီရန်က ရေနံတင် သင်္ဘောတွေကို တိုက်ခိုက်မှုကြောင့် အမေရိကန်က တိုက်ခိုက်မှုတွေ ပြန်လည် လုပ်ဆောင်နေပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပင်လယ်နီ ရေလမ်းကြောင်းကို ပိတ်ထားပေးဖို့ အီရန်က သူတို့ ထောက်ပံ့ပေးထားတဲ့ ယီမင်နိုင်ငံရှိ ဟူသီ အဖွဲ့ကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
Ref:BBC

