တောင်ငူ၊ ဇူလိုင်လ ၂၄

ပဲခူးတိုင်း တောင်ငူမြို့နယ် တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား စုစုပေါင်း ၅၀၀ ခန့်ကို သာယာဝတီထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇူလိုင် ၂၃ ရက်နေ့ မနက်အစောပိုင်းမှာ တောင်ငူအကျဉ်းထောင်ကနေ အမျိုးသား နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးအပါအဝင် အကျဉ်းသား စုစုပေါင်း ၅၀၀ ခန့်ကို ထောင်အာဏာပိုင်တွေက သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တာပါ။

အဲဒီလို ထောင်မပြောင်းရွှေ့မီ အကျဉ်းထောင်အာဏာပိုင်တွေက ထောင်ပြောင်းရွှေ့ခံရသူတွေရဲ့ နာမည်တွေကို တစ်ရက် ကြိုတင်ခေါ်ယူကာ ခြေချင်းခတ်ပြီး ဇူလိုင် ၂၃ ရက် မနက် ၃ နာရီခွဲအချိန်ခန့်မှာ မော်တော်ယာဉ်တွေဖြင့် သာယာဝတီထောင်ကို ရုတ်တရက် ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ထောင်ပြောင်းရွှေ့ချိန် အကျဉ်းသားတစ်ဦးကို စောင် ၃ ထည်နဲ့ အင်္ကျီတစ်စုံသာ သယ်ဆောင်ခွင့်ပြုခဲ့ပြီး ကျန်ရှိတဲ့ ကိုယ်ပိုင်ပစ္စည်းတွေနဲ့ ထောင်ဝင်စာပစ္စည်းတွေကို ထောင်အာဏာပိုင်တွေက သိမ်းဆည်းလိုက်တယ်လို့ PPNM ကဆိုပါတယ်။

အခုလို အကျဉ်းထောင်အတွင်း အကျဉ်းသားတွေကို ခြေချင်းခတ်ပြီး ကိုယ်ပိုင်ပစ္စည်းတွေကို သိမ်းဆည်းတာနဲ့ မနက်အစောပိုင်းအချိန်မှာ ရုတ်တရက် ထောင်ပြောင်းရွှေ့တာဟာ အကျဉ်းသားတွေအပေါ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေ စနစ်တကျ ပြုလုပ်နေတယ်လို့ PPNM ကထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.