မော်လမြိုင် ၊ ဇူလိုင် ၂၃

စစ်တပ် အသွင်ပြောင်း အစိုးရ လက်ထက်မှာ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ကြက်ဥတစ်လုံးဟာ ကျပ် ၇၀၀ ဝန်းကျင်အထိ ပေးဝယ်နေရပြီး ဒီဈေးနှုန်းဟာ NLD အစိုးရလက်ထက်နဲ့ နှိုင်းယှဉ်ရင် ၇ ဆကျော် မြင့်တက်လာတာပါ။

ကြက်ဥဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ပထမအပတ်မှာ တစ်လုံးကို အရွယ်အစားပေါ်မူတည်ပြီး အနည်းဆုံး ကျပ် ၄၅၀ ကနေ ကျပ် ၅၀၀ လောက်သာ ရှိခဲ့ပေမယ့် အခုအခါမှာတော့ တစ်လုံးကို ကျပ် ၇၀၀ နီးပါးအထိ ဈေးနှုန်းမြင့်တက်လာပါတယ်။

ကြက်ဥဈေးနှုန်း မြင့်တက်လာရတာဟာ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ လွဲမှားတဲ့ မူဝါဒနဲ့ မွေးမြူရေးသုံး သွင်းကုန်ပစ္စည်းတွေကို ကန့်သတ် ပိတ်ပင်ပင်မှုကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေက တညီတညွှတ်တည်း ပြောဆိုလာပါတယ်။

ကြက်မွေးမြူရေး ခြံရှင်တစ်ဦးကတော့ ကြက်ဥ ဈေးနှုန်း မြင့်တက်လာရတာဟာ မျိုးရင်းကြက်တွေနဲ့ ဆေးဝါးတွေကအစ ပေးမသွင်းတာကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကကတော့ မျိုးရင်းကြက်တွေ သွင်းခွင့် မရတာလည်း ပါတယ်လေ၊။ ဥစားမယ့် ကြက်မကြီးတွေပေါ့။ အသစ်မသွင်းနိုင်တော့ အခက်အခဲ ရှိတယ်။နိုင်ငံခြားငွေ ပေးမထွက်ချင်တော့ အစိုးရ ကိုယ်တိုင်က ပေးမသွင်းဘူးလေ။ ရှိတဲ့ အဟောင်းတွေနဲ့ပဲ အလုပ်လုပ် နေရတယ်။ ကုန်ကြမ်း တက်တယ်။ ဆေးဝါးတွေ ရှာလို့ မရဘူး ဆိုတော့လည်း တက်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ကြက်မွေးမြူရေးအတွက် အစာကုန်ကြမ်းတွေကို ဆက်လက်ပိတ်ပင်ထားပါက မကြာမီကာလအတွင်း မွေးမြူရေး လုပ်ငန်းတွေပါ ပြိုလဲလာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

ကြက်ဥဈေးနှုန်း မြင့်တက်လာမှုဟာ မွေးမြူရေးထုတ်ကုန်တွေရဲ့ထုတ်လုပ်မှု ကုန်ကျစရိတ် အဆမတန် မြင့်တက်လာတာ၊ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတာ၊ ကာကွယ်ဆေးမရလို့ ဥစားကြက်တွေ သေဆုံးမှု များလာတာကြောင့်လို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

မွေးမြူရေး ကျွမ်းကျင်သူတစ်ဦးကတော့ မွေးမြူရေး သွင်းကုန်တွေကို ဆက်လက်ပိတ်ပင်ထားပါက ကြက်ဥဈေးနှုန်း အဆမတန် မြင့်တက်လာနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုက သွင်းခွင့် ပါမစ်တွေ ပိတ်ထားတဲ့အတွက် ကြက်အကောင်ရေ နည်းသွားတာပေါ့။နည်းသွားတဲ့အတွက်လည်း ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့တဲ့အတွက် ကြက်ဥဈေး တက်သွားတာပေါ့။ ကြက်ဥဈေးတက်လို့ ယာယီညှိနှိုင်းတွေ လုပ်နေတယ်။ ခဏတော့လည်း ဈေးကျမှာပေါ့။ ရေရှည် ချယူလို့ ရတဲ့ အလုပ်တော့လည်း မဟုတ်ဘူး၊ ဒါထက်မက အဆမတန် တက်သွားဦးမှာပဲ”လို့ ဆိုပါတယ်။

ကြက်ဥဈေးနှုန်း ကျဆင်းရေးအတွက် မွေးမြူရေး ကုန်ကြမ်းပစ္စည်းတွေကို ပြန်လည် ပေးသွင်းသင့်ပြီး မပေးသွင်းပါက တခြားအခြေခံ စားသောက်ကုန်တွေကအစ လိုက်တက်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ် အသွင်ပြောင်း အစိုးရကတော့ ကြက်ဥဈေးနှုန်း ထိုးတက်လာတဲ့အတွက် မွေးမြူရေးလုပ်ငန်းရှင်အသင်းကို ဖိအားပေးပြီး တစ်လုံး ကျပ် ၅၅၀ နဲ့ ရန်ကုန်မြို့တွင်း လိုက်လံရောင်းချခိုင်းနေသလို ကျန်တဲ့ မြို့နယ်တွေမှာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်လို့ ညွှန်ကြားထားပါတယ်။

အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ကြက်ဥဈေးနှုန်းဟာ NLD အစိုးရလက်ထက်က တစ်လုံးကို ကျပ် ၁၀၀ ဝန်းကျင်သာ ရှိရာမှ စစ်တပ် အသွင်းပြောင်း အစိုးရလက်ထက်မှာတော့ ကျပ် ၇၀၀ ဝန်းကျင်အထိ မြင့်တက်လာပြီး အခြေခံလူတန်းစားတွေ လက်လှမ်းမမီတဲ့ အခြေအနေအထိ ရောက်ရှိလာပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.