မြဝတီ ဇူလိုင် ၁၉
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေရပြီး စစ်ဦးစီးချုပ်နေရာမှာ ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲကို ခန့်အပ်လိုက်တာဝန်ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီဟာ ကျန်းမာရေးမကောင်းတာကြောင့် စစ်ဦးစီးချုပ်နေရာမှာ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီးစောဘော်ကျော်ဟဲကို ပြောင်းလဲတာဝန်ပေးအပ်လိုက်တာလည်း ဖြစ်ပါတယ်။
ဒုစစ်ဦးစီးချုပ်နေရာမှာတော့ KNLA တပ်မဟာ ၃ တပ်မဟာမှူး ဒုဗိုလ်ချုပ်ကြီးစောလေးတြော်ကို ခန့်အပ်တာဝန်ပေးအပ်လိုက်တာ ဖြစ်တယ်လို့ KNU သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်။
စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစောဂျော်နီဟာ အသက်အရွယ်ကြီးရင့်လာပြီး ကျန်းမာရေးမကောင်းတော့တာကြောင့် ဆေးကုသမှုခံယူနေရတာဖြစ်ပြီး KNLA ရဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို စစ်ဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခံရတဲ့ ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက စီမံခန့်ခွဲကိုင်တွယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲဟာ KNLA တပ်မဟာ ၅ ရဲ့ တပ်မဟာမှူးတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး သဘောထားတင်းမာသူတစ်ဦးလည်းဖြစ်သလို စစ်တပ်ကို ပြတ်ပြတ်သားသား တော်လှန်တိုက်ခိုက်ကာ တော်လှန်ရေးတပ်ဖွဲ့တွေအပေါ်မှာလည်း စစ်သင်တန်းတွေပေးအပ်တာနဲ့ ပံ့ပိုးကူညီပေးတာတွေ လုပ်ဆောင်ပေးနေတာပါတယ်။
သဘောထားတင်းမာသူတစ်ဦးလို့ လေ့လာသူတွေက ပြောဆိုကြတဲ့ ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲဟာ KNLA စစ်ဦးစီးချုပ်ရာထူးကို တာဝန်ယူလိုက်ပြီးနောက် KNLA တပ်ရဲ့ စစ်ရေးစစ်ရာမှာ တိုက်ပွဲတွေ ဒီထက်ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိပြီး သူတာဝန်ယူလိုက်တဲ့အတွက် တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းကြိုဆိုထောက်ခံနေကြတာကို တွေ့ရပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး KNU မှာ ခရိုင် ၇ ခရိုင်၊ KNLA မှာ တပ်မဟာ ၇ ခုနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

