မော်လမြိုင် ၊ ဇူလိုင် ၁၉

မွန်ပြည်နယ်မှာ စက်သုံးဆီတွေ မပြတ်လပ်အောင် လုပ်ဆောင်ထားတယ်လို့ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း စစ်အစိုးရခန့် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ပြောပေမယ့် လက်တွေ့မှာ စက်သုံးဆီတွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဦးဇေယျာဦးကတော့ စက်သုံးဆီတွေကို မုဒုံမြို့နယ်၊ ကတုံးပေါ် ဆိပ်ကမ်းကနေ တင်သွင်းနေတာ ဖြစ်တဲ့အတွက် အရှေ့ အလယ်ပိုင်း ပဋိပက္ခ ဖြစ်တာတောင် မွန်ပြည်နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိဘူးလို့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

လက်ရှိမှာတော့ ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့ အပါအဝင် ပေါင်၊ သထုံ၊ မုဒုံနဲ့ တခြား မြို့နယ်တွေရဲ့ စက်သုံးဆီဆိုင် အများစုမှာ အောက်တိန်း အမျိုးအစား (၉၂)နဲ့ (၉၅) ဓာတ်ဆီတွေအပြင် ပရီမီယံ အမျိုးအစား ဒီဇယ်ဆီတွေက အစ ဇူလိုင်လ တတိယပတ်က စတင်ကာ တကျော့ပြန် ပြတ်လပ်လာတာ ဖြစ်ပါတယ်။

အခုလို ပြည်နယ်အတွင်းက မြို့နယ် အများစုမှာ စက်သုံးဆီ ပြတ်လပ်နေတဲ့ အတွက် စက်သုံးဆီဆိုင် အများစု အရင်လို စုံ၊ မ စနစ် သတ်မှတ်ချက်အတိုင်း ရောင်းချပေးတာ မရှိဘဲ အရောင်းပိတ်ထားသလို တချို့ စက်သုံးဆီဆိုင်တွေမှာတော့ လက်ကျန် အနည်းငယ်လောက်သာ ရောင်းချပေးတော့တယ်လို့ သိရပါတယ်။

ဒေသခံ တစ်ဦး ကတော့ လက်ရှိ စစ်အစိုးရခန့် ဝန်ကြီးက စက်သုံးဆီ မပြတ် စေရဘူးလို့ ပြောဆိုတာဟာ လူအထင်ကြီးအောင် လျှောက်ပြောနေတာ ဖြစ်ပြီး လက်တွေ့မှာတော့ မိုးလင်းတာနဲ့ အရင်လို စက်သုံးဆီ ရှာနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့ ပြောတဲ့ စကားက ဘယ်တုန်းက မှန်လို့လဲ၊ ဆီမပြတ်ဘူး ပြောတယ်ဆို အခု သူတို့ ထိန်းချုပ်နိုင်ရမယ်၊ လမ်းညွှန်မှု ပေးနိုင်ရမယ်လေ၊ သူတို့ အပြောက တခြား အလုပ်က တခြား၊ ဆီမပြတ်လောက်ဘူး ပြောတယ် ဆိုတာ လူအထင်ကြီး အောင်ဘဲ လျှောက်ပြောနေတာ၊ ဆီမရောင်းပေးတော့ အခု မိုးလင်းတာနဲ့ လူတွေက အရင်လို အလုပ် ပြန်လုပ်နေတယ်၊ ဆီလိုက်ရှာတဲ့ အလုပ်၊ ဟိုပြေးသွားရင် ရောင်းသလို ဘာသလို အသံကြားရင် ပြေးလိုက်၊ ဟိုရောက်ရင် မရောင်းပြန်ဘူး၊ တစ်ခါ နောက်တစ်နေရာကို ပြေးလိုက်၊ မရောင်းပြန်ဘူးနဲ့ အခု ဒီမနက်တည်း ကနေ တော်တော်များများက ဆီနောက်ဘဲ လိုက်နေရတယ်၊ ဒုက္ခက”လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်ဟာ တခြား တိုင်းနဲ့ ပြည်နယ်တွေထက် စက်သုံးဆီ ပြတ်လပ်မှု မကြာခဏ ဖြစ်ပေါ် နေတဲ့အပေါ် လက်ရှိ တာဝန်ယူထားသူတွေ အနေနဲ့ မြေပြင် ကွင်းဆင်းပြီး အဖြေရှာဖို့ လိုသလို ဒီတိုင်း ဆက်သွားပါက အရင် တစ်ခေါက်လို ညအိပ် တန်းစီ ဝယ်ယူရမယ့် အခြေအနေတွေ ပြန်ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံ နောက်တစ်ဦး ကလည်း စက်သုံးဆီ မပြတ်အောင် လုပ်ဆောင်ထားတယ်လို့ ပြောပေမယ့် လက်ရှိမှာတော့ စက်သုံးဆီ မလုံလောက်ဘူးလို့ သတင်းကြား တာနဲ့ ဆီဆိုင်တွေက မရောင်းတော့တာဟာ လုပ်စားဂွင်လား ဆိုပြီး စဉ်စားစရာ ဖြစ်သလို အရင်လို ပြန်တန်းစီရမှာကို စိုးရိမ်မှု ဖြစ်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆီလုံလုံလောက်လောက် မရှိတာလားပေါ့၊ ကျွန်တော်တို့ မနေ့တုန်းကဘဲ သတင်းကြားတယ်၊ ဒီနေ့ သတင်း ကြားကြားခြင်းကို ဆီဆိုင်တွေက ဆီလုံးဝ မရှိဘူး ဆိုတော့ ဒါဆီဆိုင်တွေရဲ့ လုပ်စားဂွင်လားလို့ ကျွန်တော်က စဉ်စားစရာ တစ်ခုတော့ ဖြစ်နေတာပေါ့၊ ကျွန်တော်တို့က နေ့တိုင်း သွားနေရတယ် ဆိုတော့ အရင်လိုမျိုး တန်းစီ ရမယ် ဆိုတော့ အဆင်မပြေဘူးလေ၊ အဲဒါတော့ စိုးရိမ်တာပေါ့”လို့ ဆိုပါတယ်။

‌ဒေသတွင်းမှာတော့ စက်သုံးဆီကို တင်ဒါ အောင်မြင်ထားတဲ့ Myanmar Energy King ကုမ္ပဏီနဲ့ Ya Zar Min ကုမ္ပဏီ တို့က မုဒုံမြို့နယ်၊ ကတုံးပေါ် ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းကနေ ပြည်နယ်အတွင်းက မြို့နယ် တွေကို ဖြန့်ဖြူး ရောင်းချနေတာပါ။

အခုလို စက်သုံးဆီ ပြတ်လပ်မှု မရှိအောင်နဲ့ ဈေးနှုန်း ကျဆင်းစေဖို့အတွက် ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ ရန်ကုန် သီလဝါ ဆိပ်ကမ်းကနေ ပြန်လည် ဝယ်ယူခွင့် ပြုဖို့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက မေးမြန်းခဲ့ပေမယ့် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးကတော့ လတ်တလော အစီအစဉ် မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။

လက်ရှိ ဒေသတွင်းမှာတော့ စက်သုံးဆီ ရှားပါးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လိုသလောက် ဝယ်ယူခွင့် မပေးဘဲ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က စတင်ကာ QR Code စနစ်နဲ့ ယာဉ်အုပ်စု၊ စက်စွမ်းအင်အပေါ် မူတည်ပြီး တစ်ပတ်အတွင်း ဝယ်ယူခွင့် ရှိတဲ့ စက်သုံးဆီ ပမာဏကို သတ်မှတ်ကာ စုံ၊ မ စနစ်နဲ့ ရောင်းချပေးနေတာပါ။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ မတ်လ ပထမပတ်က စတင်ကာ စက်သုံးဆီကို လိုသလောက် ဝယ်ယူလို့ မရဘဲ အကန့်အသတ်နဲ့သာ ဝယ်ယူလို့ ရတာ၊ မကြာခဏ ဆိုသလို စက်သုံးဆီဆိုင် အများစု စက်သုံးဆီ ပြတ်လပ်တာ အပြင် တခြား ပြည်နယ်နဲ့ တိုင်းတွေထက် ဈေးနှုန်း ကြီးမြင့်မှု တွေကိုပါ ဒေသခံတွေ ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.