မော်လမြိုင်၊ ဇူလိုင် ၁၈

မွန်ပြည်နယ် သိမ်ဇရပ်ဘူတာကနေ မော်လမြိုင်ဘူတာကြားရှိ ရထားလမ်းကူးနေရာ ၁၀၀ ကျော် အပိတ်ခံထားရတာကြောင့် သယ်ယူပို့ဆောင်ရေး အခက်ကြုံနေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရထားလမ်းကူးလမ်းပိုင်း နေရာတွေ အပိတ်ခံထားရတဲ့အတွက် တောင်သူတွေဟာ လယ်ယာစိုက်ပျိုးရေး ပစ္စည်းတွေအပါအဝင် သွင်းအားစုကုန်ပစ္စည်းတွေကအစ သယ်ယူဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

ရထားလမ်းကူးလမ်းပိုင်းတွေ ပိတ်သိမ်းခံရတာနဲ့အတူ ကုန်ထုတ်လမ်းတွေ မရှိတာကြောင့် လယ်ယာလုပ်ငန်းခွင်တွေကို အချိန်ကြာမြင့်စွာ သွားလာလုပ်ကိုင်နေရပြီး ကုန်ကျစရိတ် ပိုမိုမြင့်တက်လာတယ်လို့ တောင်သူတွေက ဆိုပါတယ်။

တောင်သူတွေကတော့ ကုန်ထုတ်လမ်းအတွက် အရေးကြီးတဲ့ ရထားလမ်းကူးနေရာတွေကို လုံခြုံရေး အစီအမံနဲ့ ပြန်လည်ဖွင့်လှစ်ပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။

မော်လမြိုင် – ရန်ကုန်ရထားလမ်းပိုင်းမှာ မြန်နှုန်းမြင့် DEMU ရထား ပြေးဆွဲရေးအတွက် ပြီးခဲ့တဲ့ ဇွန်လပထမအပတ်အတွင်း မြန်မာ့မီးရထားဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်ပူးပေါင်းအဖွဲ့တွေက ရထားလမ်းကူး နေရာ တစ်ရာကျော်ကို ခြံစည်းရိုးခတ်ကာရံပြီး လိုက်လံပိတ်သိမ်းခဲ့တာပါ။

သိမ်ဇရပ်ဘူတာကနေ မော်လမြိုင်ဘူတာကြားမှာ ရထားလမ်းကူးနေရာ ၁၅၇ နေရာ ရှိနေပြီး အဲဒီထဲမှာ ၁၆ နေရာကိုသာ တရားဝင် ရထားလမ်းကူးနေရာတွေအဖြစ် သတ်မှတ်ထားတယ်လို့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။

ဒါပေမယ့် တရားမဝင် ရထားလမ်းကူးနေရာတချို့ဟာ အများပြည်သူတွေ မဖြစ်မနေ အသုံးပြုဖု့ိ လိုအပ်ရင် လုံခြုံရေးဂိတ်တွေ ဖွင့်လှစ်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ် လျှပ်စစ်စွမ်းအင် စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးမင်းဇေယျာဦးက ဖြေကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.