မော်လမြိုင် ဇူလိုင် ၁၈

မွန်ပြည်နယ်မှာ တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဆိုင်အများစု အရောင်းပိတ်းထားတဲ့အတွက် ဝယ်ယူလို့ မရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင်အပါအဝင် မွန်ပြည်နယ်ရဲ့ မြို့နယ် အားလုံးမှာ အခု ဇူလိုင် တတိယအပတ်ကစလို့ အောက်တိန်း အမျိုးအစား (၉၂)နဲ့ (၉၅) ဓာတ်ဆီတွေအပြင် ပရီမီယံ အမျိုးအစား ဒီဇယ်ဆီတွေကအစ ပြတ်လပ်နေတာပါ။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဆိုင်အများစု အရောင်းပိတ်ထားသလို ဆီလက်ကျန်ရှိတဲ့ ဆီဆိုင်တွေမှာတော့ ပြည်သူတွေဟာ စက်သုံးဆီ ရရှိရေးအတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီး တန်းစီဝယ်ယူနေရပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုဟာ ပြည်ပကနေ တင်သွင်းနေရတဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ လိုသလောက် ခွဲတမ်းမရတာကြောင့်လို့ မွန်ပြည်နယ် စက်သုံးဆီ လုပ်ငန်းရှင် အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

ဒေသတွင်းမှာတော့ စက်သုံးဆီ တစ်ကျော့ပြန် ပြတ်လပ်မှုနဲ့အတူ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီး တန်းစီဝယ်ယူနေရတဲ့အတွက် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရရဲ့ စီမံခွဲမှုအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် မနေ့ ဇူလိုင် ၁၇ ရက်နေ့မှာ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က အရေးပေါ် အစည်းအဝေး တစ်ရပ် ခေါ်ယူကျင်းပထားတယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ စက်သုံးဆီကို မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းကနေ တင်ဒါ အောင်မြင်ထားတဲ့ Myanmar Energy King ကုမ္ပဏီနဲ့ Ya Zar Min Industry ကုမ္ပဏီတို့က တင်သွင်း ဖြန့်ဖြူးနေတာပါ။

ဒါပေမယ့် ပြည်သူတွေဟာ စက်သုံးဆီကို တခြားတိုင်းနဲ့ပြည်နယ်တွေထက် ဈေးပိုပေးပြီး သုံးစွဲနေသလို စက်သုံးဆီ မကြာခဏ ပြတ်လပ်မှုကြောင့် ညအိပ် တန်းစီစောင့်ဆိုင်း ဝယ်ယူရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.