မော်လမြိုင်၊ ဇူလိုင် ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ တော်လှန်ရေး ရဲဘော် ၄၁ ဦး အလင်းဝင်တယ်လို့ ဒီကနေ့ထုတ် စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။
အလင်းဝင်လာသူတွေဟာ ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ KPMF နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ ကရင်ပြည်နယ်က ၁၂ ဦး၊ မွန်ပြည်နယ်က ၁၂ ဦး၊ ရန်ကုန်တိုင်းက ၁၀ ဦး၊ မန္တလေးတိုင်းက လေးဦး၊ ပဲခူးတိုင်းက နှစ်ဦး၊ စစ်ကိုင်းတိုင်းက တစ်ဦး၊ စုစုပေါင်း ၄၁ ဦး အလင်းဝင်လာတာပါ။
သူတို့တွေဟာ လက်နက်မျိုးစုံ ၁၁ အပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ အလင်းဝင်လာတာကြောင့် ငွေကျပ် ၃၈၂ သိန်းနဲ့ လက်ဆောင်ပစ္စည်းတွေ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလင်းဝင်လာသူတွေကိုတော့ ခံဝန်ကတိလက်မှတ်ထိုးစေပြီး မိဘအုပ်ထိန်းသူတွေထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ အလင်းဝင်လာသူတွေဟာ ရင်နယ်ခြားစောင့်တပ် BGF အသွင်းပြောင်း ကရင်အမျိုးသားတပ် KNA က တပ်ဖွဲ့ဝင်တွေ ဖြစ်နိုင်ပြီး ဒီဖြစ်စဉ်ဟာ စစ်တပ်အတွက် ဝါဒဖြန့်ရေး လုပ်ငန်းစဉ် တစ်ခုသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
အာဏာသိမ်း စစ်တပ်ဘက်ကတော့ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ တော်လှန်ရေးရဲဘော်တွေ မကြာခဏဆိုသလို အလင်းဝင်ရောက်တာတွေ ရှိနေတယ်လို့ ဝါဒဖြန့်ချီမှုတွေ ဆက်တိုက်လုပ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်

