မော်လမြိုင် ၊ ဇွန် ၂၉

မွန်ပြည်နယ် လွှတ်တော်မှာ အဆို အောင်မြင်ခဲ့တဲ့ တရားဝင် ခွင်ပြုချက် ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေ တားဆီး ပိတ်ပင်ပေးပို့ အဆိုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို စစ်တပ်အသွင်ပြောင်း အစိုးရက အာခံကာ ဆက်လက်ခွင့်ပြု ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောင်းကစားဝိုင်းတွေ တားဆီးပိတ်ပင်ရေး အဆိုကိုတော့ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က တင်သွင်းခဲ့တာပါ။

အဲဒီ အဆိုနဲ့ ပတ်သက်ပြီး ဇွန် ၁၉ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးမှာ ကိုယ်စားလှယ် ၅ ဦး ထောက်ခံ ဆွေးနွေးပြီးနောက် လွှတ်တော်မှာ ကန့်ကွက်သူ မရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အခုလို အဆို အောင်ခဲ့ပေမယ့် ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေဟာ အရင်လို ဇာတ်ပွဲတွေ သွင်းပြီး ပြုလုပ်တာမျိုး မဟုတ်ဘဲ မိုးလုံလေလုံရုံတွေကို အခိုင်အမာ ဆောက်လုပ်ကာ လွှတ်တော်က အတည်ပြုထားတဲ့ အဆိုကို ဂရုမစိုက်ဘဲ ပြည်နယ် စစ်တပ်အသွင်ပြောင်း အစိုးရက ဆက်လက် လုပ်ကိုင်ခွင့် ပေးထားတယ်လို့ သိရပါတယ်။

ဒေသခံ တစ်ဦးကတော့ လက်ရှိ လောင်းကစားဝိုင်းတွေ ပိတ်ပင်ဖို့ အဆိုအောင်ထားပေမယ့် လောင်းကစားဝိုင်းတွေ ရှိနေတဲ့အတွက် လုံခြုံမှု မရှိတော့သလို လောင်းကစားဝိုင်းတွေဟာ သူတို့နဲ့ ဆက်နွယ်သူတွေ လုပ်တာ ဖြစ်တဲ့အတွက် ဒီအစိုးရ သက်တမ်းမှာ ပပျောက်ဖို့ မရှိနိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတော့ ဒီဟာ ရှိနေခြင်းအားဖြင့် မိသားစု အသိုင်းအဝိုင်းမှာရော လူမှု ပတ်ဝန်းကျင်မှာရော ကျွန်တော်တို့ ရပ်ကွက်တွေရော မြို့တွေမှာရော မလုံခြုံဘူး၊ ခိုးဆိုးလုနှိုက်တွေ များမယ်၊ တခြား မလိုလားအပ်တဲ့ ပြဿနာတွေ ပိုဖြစ်လာမယ်၊ လောင်းကစားဝိုင်း ဖမ်းတာတို့ ဘာတို့ ညာတို့ဆိုတာ သူတို့ရဲ့ ကြီးကြီးမားမား ဆက်နွယ်နေတဲ့ သူတွေကဘဲ ဒါတွေ လုပ်တာလေ၊ ဒီသက်တမ်း တလျှောက်တော့ ကျွန်တော်တို့ မျှော်မှန်းထားသလို ကြီးကြီးမားမားတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် လောင်းကစားဝိုင်းတွေ တားဆီး ပိတ်ပင်ဖို့ အဆို အောင်ထားပေမယ့် ဒေသတွင်းမှာ လောင်းကစားဝိုင်းတွေ ဆက်ရှိနေတာဟာ အဂတိ လိုက်စားမှု ရှိနေတာကို ပြသနေတာ ဖြစ်တဲ့အပြင် လွှတ်တော်ရဲ့ ဆုံဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံ နောက်တစ်ဦးကလည်း လောင်းကစားဝိုင်း ပိတ်ပင်ဖို့ လွှတ်တော်မှာ အတည်ပြုထားပေမယ့် အစိုးရက ဘာမှ မလုပ်ပေးသလို လွှတ်တော်မှာသာ သရုပ်ဆောင်ပြပြီး မြေပြင်မှာတော့ လောင်းကစားဝိုင်းတွေ ဆက်ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အစိုးရကတော့ ဘာမှ မလုပ်ပါဘူး၊ သရုပ်ဆောင် ပြကွက်ဘဲ အချိန်ကျရင် ဒီလိုပဲ သရုပ်ဆောင်တဲ့ ပုံစံမျိုးနဲ့ဘဲ ဒါပဲ ရှိတာပဲ၊ အဲဒီ လောင်းကစားတွေနဲ့ ပတ်သက်လို့ လွှတ်တော်မှာ အောင်ပြီးတော့ အကုန်လုံး လုပ်ပေးမယ် ဘာညာပြောတာ အဲဒီ လွှတ်တော်မှာပဲ ပြောတာလေ၊ အောက်ခြေမှာ ဘာမှ မဖြစ်လာဘူး၊ ဒီအတိုင်းက ဒီအတိုင်းပဲ၊ အပေါ်မှာသာ သရုပ်ပြ ပုံစံမျိုး ရှိတာ၊ တကယ်တမ်းကျတော့ မြေပြင်မှာ ကစားဝိုင်းက ဒီအတိုင်းပဲ၊ အေး‌ဆေးဘဲ၊ ပေးစရာရှိတာ ပေးတယ်၊ ကမ်းစရာရှိတာ ကမ်းတယ်၊ လုပ်စရာရှိတာ လုပ်တယ်၊ ဒါပဲ” လို့ ဆိုပါတယ်။

တဖက်မှာ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းကတော့ ဒေသတွင်းမှာ လောင်းကစားဝိုင်းတွေ မရှိစေရေးနဲ့ ဖမ်းဆီး အရေးယူမှုတွေကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ အစိုးရ အဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီအပြင် လောင်းကစားဝိုင်းတွေကို တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ် ဆောင်ရွက်သွားဖို့၊ လောင်းကစားတွေ လျော့နည်းသွားပြီး အမြစ်ပြတ်စေရေးနဲ့ ပြန်လည် မရှိစေရေး နည်းလမ်းတွေ ဖော်ထုတ်ပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့ လွှတ်တော်မှာ ကတိပြုခဲ့တာပါ။

အခုလို လောင်းကစားဝိုင်းတွေ ပိတ်ပင်ဖို့ စစ်အစိုးရဘက်က ကတိပြုခဲ့ပေမယ့် မြေပြင် လက်တွေ့ မှာတော့ လောင်းကစားဝိုင်းတွေ မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ ခုလုံးမှာ ဆက်ရှိနေသလို လောင်းကစားဝိုင်း ဖွင့်ကြေးတွေပါ တိုးကောက်လာတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ လောင်းကစားဝိုင်းတွေကို အရင် အစိုးရ အဆက်ဆက်က တရားဝင်သဖွယ် ခွင့်ပြုတာ မရှိခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် အကြီးအကျယ် ခွင့်ပြုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.