တနင်္သာရီ ဇွန် ၂၃
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဖာနီနဲ့လေးမိုင်ရွာတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူ ၁၀၀၀ ခန့်ထွက်ပြေးနေရတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့ မနက် ၈ နာရီခန့်မှာ စစ်တပ်ဘက်က ဂျက်ဖိုက်တာ ၂ စီး၊ စက်တပ်လေထီး တစ်စီးနဲ့ ကျေးရွာနှစ်ရွာကြားက ရော်ဘာလုပ်ကွက်အတွင်း ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
PDF တွေ ရှိတယ်ဆိုတဲ့ အထင်နဲ့ လာရောက် ဗုံးကြဲတာဖြစ်ပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတဲ့အပြင် မြေပြင်စစ်ကြောင်းပါ ဝင်လာနေလို့ အနီးနားဝန်းကျင်က ဒေသခံပြည်သူတွေ အားလုံး ထွက်ပြေးနေရတယ်လို့ မြိတ်မြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီလို လေကြောင်းကနေ ဗုံးကြဲတာနဲ့လက်နက်ကြီး ပစ်တာတွေကြောင့် တော်လှန်ရေးအဖွဲ့ဝင်တွေရော ဒေသခံတွေပါ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။
ဗုံးကြဲပြီး လက်နက်ကြီးနဲ့ပစ်ခတ်ပြီးနောက် ဇဝဲကျေးရွာအခြေစိုက် ခမရ ၅၅၆ တပ်က အင်အား ၈၀ ခန့်ဟာ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။
ဒါကြောင့် အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ ဖာနီ၊ လေးမိုင်၊ ရေဖျားချောင်းရွာတွေက ဒေသခံ ပြည်သူ ၁၀၀၀ ခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တြ့ ဧပြီ ၂၄ ရက်တုန်းကလည်း ဖာနီကျေးရွာမှာ ခမရ ၅၆၁ ခြေမြန်တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်စထိမှန်လို့ ကလေး နှစ်ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

