ဘားအံ ဇွန် ၂၃
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က ဘုရားသုံးဆူမြို့ကို ပြန်ပေးဖို့ အာဏာသိမ်း စစ်တပ်က တောင်းဆိုတာတွေ လုပ်ဆောင်ခဲ့ပြီးနောက် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမှာ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေ ရှိလာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA အမှတ် (၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောအေဝမ်း ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ပြန်ပေးဖို့ စစ်တပ်က DKBA ထံ နှစ်ကြိမ်ထက်မနည်း တောင်းဆိုနေခဲ့တာပါ။
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးက DKBA အမှတ် (၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောအေဝမ်းဆီ ဇွန်လမှာ မြို့ကိုပြန်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး မြို့ကိုပြန်မပေးပါက ဗုံးကြဲတိုက်ခိုက်မှုအပြင် မြေပြင်စစ်ကြောင်းတွေ စေလွှတ်ပြီး သိမ်းပိုက်သွားမယ်လို့ သတိပေးထားပါတယ်။
ဘုရားသုံးဆူမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေ တချို့ကတော့ စိုးရိမ်မှုတွေရှိနေကြပြီး မြို့ခံသူဌေး တချို့ကတော့ တဖက်ထိုင်းနိုင်ငံထဲကို ကြိုတင်ရွှေ့ပြောင်းတာတွေ ရှိနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ရတခတိုင်းမှူး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးဟာ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက DKBA အမှတ် (၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောအေဝမ်းဆီကနေ ဘုရားသုံးဆူမြို့ကို ပြန်ပေးဖို့ တောင်းဆိုခဲ့သေးရာတော့ ဗိုလ်မှူးချုပ်စောအေဝမ်းက မြို့ကိုပြန်မပေးဘဲ ရတခတိုင်းမှူး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးကို ငွေပေးပြီး ဖြေရှင်းသွားခဲ့တယ်လို့ ဘုရားသုံးဆူမြို့ သတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။
လတ်တလောမှာလည်း စစ်ကော်မရှင်တပ်စစ်ကြောင်းတွေက ကြာအင်းဆိပ်ကြီးမြို့အနီး ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမှာ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေသလို မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံကနေတစ်ဆင့် ကြာအင်းဆိပ်ကြီးမြို့ဆီ အင်အားဖြည့်ဆည်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
အခုလိုမျိုး စစ်တပ်ဘက်က အင်အားတိုးချဲ့လုပ်ဆောင်လာတာဟာ ဘုရားသုံးဆူမြို့ကို ပြန်ပြီးသိမ်းပိုက်နိုင်ဖို့အတွက် စစ်ရေးပြင်ဆင်တာတွေ ဖြစ်နိုင်သလို KNU က သိမ်းပိုက်ထားခဲ့တဲ့ ကျိုက်ဒုံမြို့ကိုလည်း ပြန်သိမ်းပိုက်နိုင်ရေးအတွက်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေခဲ့တာပါ။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ရေးထိုးထာတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ DKBA ဟာ ဘုရားသုံးဆူမြို့ အဝင်အထွက်ဂိတ်တွေနဲ့ နယ်စပ်ဂိတ်တွေကို လုံခြုံရေးယူထားပြီး အုပ်ချုပ်ရေးအနေနဲ့ကတော့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ က တာဝန်ယူထားပါတယ်။
ကရင်လက်နက်ကိုင်အဖွဲ့ DKBA လုံခြုံရေးယူပြီး KNU တပ်မဟာ ၆ က အုပ်ချုပ်ရေးယူထားတဲ့ ဘုရားသုံးဆူမြို့ နဂါးတောင်မှာတော့ စစ်တပ်စခန်းတစ်ခုရှိပြီး အဲဒီတပ်စခန်းထဲကို လေယာဉ်နဲ့ မကြာခဏလာပြီး အင်အားဖြည့်ဆည်းခဲ့တာကြောင့် အင်အားအများအပြားရှိနေတယ်လို့ ဘုရားသုံးဆူမြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-DKBA

