မော်လမြိုင် ဇွန် ၂၃
မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ မည်သူမဆို ခွင့်ပြုချက် မရှိဘဲ အသံချဲ့စက် မဖွင့်ဖို့ စစ်အစိုးရ လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေက အသံချဲ့စက်နဲ့ လိုက်လံ နှိုးဆော်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကတော့ အသံချဲ့စက် ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး မည်သူမဆို ခွင့်ပြုချက် မရှိဘဲ ဖွင့်လှစ်ပါက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ (၂၇) အရ ကျပ်တစ်သောင်းထက် မပိုတဲ့ ငွေဒဏ် ချမှတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ (၂၇) အရ ကျပ်တစ်သောင်းထက် မပိုတဲ့ ငွေဒဏ်ကို ပေးဆောင်ရန် ပျက်ကွက်ပါက (၇) ရက်ထက် မပိုတဲ့ ထောင်ဒဏ် ကျခံစေဖို့ တရားရုံးက ချမှတ်မှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
လက်ရှိ အသံချဲ့စက် ဖွင့်ခြင်းပါက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ အပိုဒ် ၁၄ (ဂ) (၁) အရ အသံချဲ့စက် ဖွင့်မယ့် သက်ဆိုင်ရာ ကာယကံရှင်က ဖြစ်စေ၊ အဖွဲ့အစည်းက ဖြစ်စေ၊ အသံချဲ့စက် ငှားရမ်းသူ ပိုင်ရှင်က ဖြစ်စေ အကျိုးအကြောင်းနဲ့ အသံချဲ့စက် ဖွင့်လိုတဲ့ ရက်နဲ့ အချိန်ကို လျှောက်ထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို လျှောက်ထားတဲ့ နေရာမှာလည်း အနည်းဆုံး ၃ ရက် ကြိုတင် လျှောက်ထားရမှာ ဖြစ်သလို ရပ်/ကျေး အုပ်ချုပ်ရေးမှူးက လျှောက်ထားချက်ကို လက်ခံ ရရှိပါက နည်းဥပဒေ အပိုဒ် ၁၄ (ဂ) (၂) အရ လိုအပ်သလို စိစစ်ပြီး သာမာန်အားဖြင့် အသံချဲ့စက်ဖွင့်ချိန်ကို မနက် ၆ နာရီမှ ည ၉ နာရီ အထိသာ ခွင့်ပြုရမယ်လို့ ပြောပါတယ်။
ဒါ့အပြင် အသံချဲ့စက်ကို အများပြည်သူကို အနှောင့်အယှက် မဖြစ်စေရေး ခွင့်ပြုတဲ့ ဥပစာ အတွင်း အများပြည်သူ ကြားသိရုံသာ ဖွင့်ခွင့်ပြုတာ၊ ခွင့်ပြုတဲ့ ကိစ္စမှ တပါး တခြား ကိစ္စတွေအတွက် အသုံးမပြုဖို့ ကြီးကြပ်တာ၊ တာဝန်ရှိသူက လိုအပ်လို့ ခွင့်ပြုချက် ရပ်စဲခြင်းကို လိုက်နာ ဆောင်ရွက်ဖို့ ကြီးကြပ်တာတွေကိုတော့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒေသခံ တစ်ဦး ကတော့ ရပ်ကွက်ထဲ မင်္ဂလာဆောင်တာတွေက အစ အသံချဲ့စက် ဖွင့်ခွင့် မရဘဲ ဖွင့်ပါက အရေးယူသွားမယ်ဆိုပြီး သတိပေး ကြေညာတာတွေ လုပ်ဆောင်နေပေမယ့် ဒဏ်ကြေး တစ်သောင်းဟာ ထိရောက်တဲ့ အရေးယူမှု မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရပ်ကွက်တွေ လမ်းတွေထဲမှာ မင်္ဂလာဆောင်တို့ ဘာတို့ ညာတို့ လုပ်ရင်လည်းဘဲ ဆောင်းဘောက် ဖွင့်ခွင့် အသံချဲ့စက် ဖွင့်ခွင့် ဒါတာတွေ မရဘဲ ဖွင့်ရင် အရေးယူမယ် ဆိုတာ အဲဒါလိုက်ပြီး သတိပေး ကြေညာတာပေါ့၊ ပိုက်ဆံ တစ်သောင်း ဆိုတာ အခုခေတ်မှာ ပိုက်ဆံက တန်ဖိုးမရှိတဲ့ အခါကျတော့ ဒီပိုက်ဆံ တစ်သောင်း ဒဏ်ရိုက်တာက ထိရောက်တဲ့ အရေးယူမှု မဟုတ်ဘူး၊ ဖွင့်တဲ့သူက ငွေဒဏ် ပမာဏ တစ်သောင်း ဆိုတာ သာသာယာယာဘဲပေါ့၊ ပိုက်ဆံ ပေးလိုက်မှာပေါ့၊ ဖွင့်ခြင်း ဖွင့်မယ်၊ သောင်းကျန်းချင် သောင်းကျန်းမှာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် အသံချဲ့စက်နဲ့ ပတ်သက်ပြီး ပြစ်ဒဏ်တွေ ထိရောက်မှု မရှိတာကြောင့် အသိပညာပေးတွေ လုပ်ဆောင်နေပေမယ့် လက်တွေ့အောင်မြင်မှာ မဟုတ်သလို ထိရောက်မှု ရှိဖို့ အတွက် ခေတ်ကာလနဲ့လျော်ညီတဲ့ ပြစ်ဒဏ်တွေ ပြောင်းလဲဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို အသံချဲ့စက်တွေကို အရေးယူနိုင်ဖို့ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က ပြုလုပ်တဲ့ တတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး (ပထမနေ့) က ဘီးလင်းမြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက အဆိုတင်သွင်းခဲ့တာပါ။
အဆိုရှင်က အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နားရောဂါ အမျိုးမျိုး၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်ရောဂါ၊ အူအတွင်းမှာဖြစ်တဲ့ ရောဂါ ဖြစ်ပွားမှု များလာတာကို သုတေသနပြုချက်တွေအရ သိရတာကြောင့် လူအများကို နည်းမျိုးစုံနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အတွဲလိုက် အသံချဲ့စက် ဖွင့်တာကို အရေးယူ တားဆီးပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အဆိုကိုတော့ ဇွန် ၁၂ ရက်နေ့က ပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး (ဒုတိယနေ့) မှာ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ထောက်ခံ ဆွေးနွေးခဲ့ပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးပါ အကြံပြု ဆွေးနွေးခဲ့ပြီးနောက် ကန့်ကွက်သူ မရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ အသံချဲ့စက်တွေဟာ အလှူ မင်္ဂလာပွဲတွေ၊ ကထိန်ပွဲတွေ၊ ဘုရားပွဲတော်တွေ၊ ဆွမ်းကြီးလောင်း ပွဲတော်တွေအပြင် အကြောင်းပြချက် အမျိုးမျိုးနဲ့ ပြုလုပ်တဲ့ ပျော်ပွဲ ရွှင်ပွဲတွေမှာ ဖွင့်လှစ်ကြတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

